ဆေးဝါး မလုံလောက်မှုကြောင့် မတူပီစစ်ဘေးရှောင်တစ်ဦး ကွယ်လွန်

ဆေးဝါး မလုံလောက်မှုကြောင့် မတူပီစစ်ဘေးရှောင်တစ်ဦး ကွယ်လွန်

ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသော ဒေသခံပြည်သူတစ်ဦး ဆေးဝါးမလုံလောက်မှုကြောင့် ဇူလိုင် ၁၄ ရက် ည ၇ နာရီဝန်းကျင်တွင် ကွယ်လွန်သွားကြောင်း ‌စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ကွယ်လွန်သွားသူမှာ အသက် ၄၅ နှစ်ဝန်းကျင်ရှိ ဦးပါးဆန်းဖြစ်ပြီး ကျောက်ကပ်ရောဂါအခံရှိသူဖြစ်ကာ မတူပီမြို့ လောင်ဗန်းရပ်ကွက်မှ လေဆင်းရွာသို့ စစ်ဘေးရှောင်ရင်း လိုအပ်သော ဆေးဝါးမရှိခြင်းနှင့် လိုအပ်သော ကုသမှု အချိန်မီမရနိုင်ခြင်းကြောင့် ဆုံးပါးသွားခြင်းဟု သိရသည်။

“သူကကျောက်ကပ်နဲ့ အစာအိမ်ဖြစ်တာ လို့ကြားတယ်၊ ကျွန်မတို့ဆီမှာက တုပ်ကွေးရယ်၊ ရိုးရိုးဆေးတွေ၊ ပြီးတော့ ဝမ်းပျက်‌ဝမ်းလျှောအတွက်လောက်ပဲ အပိုအလိုမဟုတ်ပေမဲ့ ဝယ်ထားတာတွေရှိတယ်။ ဒီလိုမျိုးနာတာရှည်ရောဂါလို မျိုးအတွက်ကျတော့ ရှိလဲမရှိ ထားလဲမထားဘူးပေါ့နော်။ အစကသူတို့လည်း မီဇိုရမ်ဘက် သွားကုဖို့ အစီအစဉ်ရှိတယ် ကြားတယ်၊ ဒါပေမဲ့ လမ်းပိတ်တာရယ်၊ မိုးတွင်းရယ်ဆိုတော့ လမ်းပြိုတာလဲရှိတယ်၊ ဒါကြောင့် အစီစဉ်ပျက်သွား တာလို့ထင်တယ်။ သူက အပြင်းအထန်ဖြစ်တဲ့ လူနာထဲမှာလဲပါတယ်“ ဟု စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

မတူပီမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့အချို့မှ စစ်ရေးအရ လမ်းပိတ်ထားခြင်းကြောင့် စစ်ဘေးရှောင်များ အရေးပေါ်သွားလာခြင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အချိန်မီဝယ်ယူ၊ သယ်ဆောင်နိုင်ခြင်းမရှိသောကြောင့် အခက်ကြုံတွေ့နေရကြောင်းလည်း သိရသည်။

လက်ရှိ မတူပီစစ်ဘေးရှောင်များသည် ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါများ ဖြစ်ပွားနေကြောင်း သိရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာ၊ ခြင်ထောင်များ အရေးပေါ်အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များ ကူညီပေးနေသူများထံမှ သိရသည်။

ဇွန်လဆန်းပိုင်းမှ စတင်ကာ မတူပီမြို့ပေါ်နှင့် အနီးတစ်ဝိုက်မှ ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ကြခြင်းဖြစ်ပြီး အများစုသည် မတူပီမြို့အနောက်ဘက်ခြမ်းရှိ တောတောင်များ၊ စစ်ရှောင်စခန်းများ၊ ကျေးရွာများနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင် ခိုလှုံနေကြရခြင်းဖြစ်သည်။

မတူပီမြို့နယ်တွင် စစ်ကောင်စီကင်းစင်ပြီဟုဆိုနိုင်သော်လည်း ချင်းလဲန်းကောင်စီပူးပေါင်းတပ်များနှင့် ချင်းညီနောင်၊ AA မဟာမိတ်ပူးပေါင်းတပ်တို့အကြား ဇွန်လ ၁၈ ရက်မှ ဇူလိုင် ၇ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ခြင်းမရှိသေးပေ။

ယခုကဲ့သို့ မတူပီမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်တိုက်ခိုက်ခြင်းသည် ဒေသခံပြည်သူများသာ ဒုက္ခခံစားနေရသောကြောင့် တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်‌စေလိုကြောင်း စစ်ဘေးရှောင်များ အရေးဆောင်ရွက်ပေးနေသူများက ပြောသည်။

ဓာတ်ပုံ - (မင်းတပ်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေရာ / Crd)
August 31, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...