မင်းတပ်မြို့ နှင့် ပလက်ဝမြို့နယ်မှာ ဝမ်းရောဂါ ‘ကပ်အသွင်’ ဖြစ်ပွားနေဟု CHO သတိပေးထုတ်ပြန်

မင်းတပ်မြို့ နှင့် ပလက်ဝမြို့နယ်မှာ ဝမ်းရောဂါ ‘ကပ်အသွင်’ ဖြစ်ပွားနေဟု CHO သတိပေးထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာ (၉) ရွာမှာ ဝမ်းရောဂါဖြစ်ပွားမှုများ ကူးစက်ပျံ့နှံနေပြီး လူသေဆုံးမှုများ ရှိလာနေကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရရှိသည်။

မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၀ နှင့် ၁၃ ဘက်က ဒေသခံလူဦးရေ တစ်ထောင်ခန့် နေထိုင်ကြသည့် ကျေးရွာ ၉ ရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေပြီး တိုက်နယ် ၁၃ မှ ကျေးရွာတစ်ရွာတွင် သက်ကြီးပိုင်း ၂ ဦးမှာ ဝမ်းရောဂါကြောင့် အသက်ဆုံးရှုံးသွားကြောင်း သိရသည်။

အဆိုပါကျေးရွာကို ယာယီအဝင်အထွက် ပိတ်ထားဆဲဖြစ်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှု ကော်မတီမှ ကိုလောရင့်က ပြောသည်။

“ကျနော်မိသားစုထဲမှာလည်း ဝမ်းပျက်၊ ဝမ်းလျော့တွေ ရှိတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး။ အခုကြား နေရတာက တိုက်နယ်အမှတ် ၁၀နဲ့ ၁၃ ဘက်မှာ ဝမ်းပျက်ဝမ်းလျော၊ ဝမ်းကိုက်ရောဂါတွေကို လက္ခဏာတွေ တော်တော်များများ တွေ့နေရပါတယ်။ ရွာ ၉ ရွာမှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကျန်တဲ့ ရွာတွေမှာက အနည်းအကျဉ်းတော့ ဝမ်းပျက်ဝမ်းလျော့တာမျိုးရှိတယ်။ အခုလောလောဆယ်တော့ ရွာ ၉ ရွာမှာ ဝမ်းပျက်ဝမ်းကိုက်ရောဂါနဲ့ ဆေးဝါးကုသဖို့ လိုအပ်နေပါတယ်” ဟု ကိုလောရင့်က ပြောသည်။

လက်ရှိ မိုးဦးကာလတွင် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခာများကို မင်းတပ်မြို့နယ်အတွင်းက ကျေးရွာ အများအပြားတွင်လည်း အနည်းအကျဉ်း တွေ့လာနေရကြောင်း သတင်းရရှိသည်။

သို့‌သော် လုံလောက်သော ဆေးဝါးကုသပေးနိုင်ရန်အတွက် စစ်ကောင်စီက ဆေးဝါးများကို တားဆီးပိတ်ပင်ထားသောကြောင့် ဆေးဝါးများ ဝယ်ယူ၍မရဖြစ်ကြောင်း ကိုလောရင့်က ပြောသည်။

ချင်းကျန်းမာရေးအဖွဲ့ (CHO) ကလည်း မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် ဝမ်းကိုက်ရောဂါမှာ ကပ်အသွင်ဖြစ်ပွားနေ သောကြောင့် သေဆုံးသူ ၁၄ ဦးခန့်အထိ ကနဦးသိရကြောင်း ဇွန်လ ၁၆ ရက်က ထုတ်ပြန်ထားသည်။

ဝမ်းကိုက်ရောဂါကို ဖြစ်ပွားစေသော ပိုးကို လူတစ်ဦးက ကူးစက်ခံရပြီးဆိုလျှင် ၂ နာရီမှ ၅ ရက်အတွင်း လက္ခဏာပြပြီး အမြန်ဆုံး ထိရောက်သော ကုသမှု မခံယူပါက ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ကြောင်း၊ အချိန်မီ ဆေးဝါးကုသမှု ရရှိပါက သေဆုံးမှု ၁ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

“အပြင်စာ မစားပါနဲ့။ ဟင်းကျန် ထမင်းကျန် မစားပါနဲ့။ အစာကို ယင်လုံအောင် သိမ်းဆည်းပါ။ နို့တိုက်ကလေးတွေကို အမေနို့တမျိုးတည်း တိုက်ပါ။ ယင်လုံအိမ်သာ သုံးပါ။ အိမ်သာသွားပြီးတိုင်း၊ အစာမစားခင်၊ မပြင်ခင်၊ မချက်ခင် လက်ကို ဆပ်ပြာနဲ့ စင်အောင် ဆေးပါ။ ဝမ်းလျှောတာနဲ့ ကျန်းမာရေးဝန်ထမ်းဆီ ချက်ချင်းပြပါ။ ဓာတ်ဆား ချက်ချင်းသောက်ပါ” ဟု ချင်းကျန်းမာရေးအဖွဲ့ CHO က လိုက်နာရမည့်အချက်များကို သတိပေးထုတ်ပြန်ထားသည်။

အရေးကြီးဆုံး အချက်မှာ ရေကို ကျိုချက်၍ သောက်သုံးရန်ဖြစ်ပြီး ဓါတ်ဆားအလွယ်တကူ ဝယ်ယူ၍ မရပါက ရေကျက်အေး တစ်လီတာ၊ သကြားလက်ဖက်ရည်ဇွန်း ၆ ဇွန်နှင့် ဆား လက်ဖက်ရည်ဇွန် တစ်ဝက်တို့ကို ဖျော်၍ သောက်သုံးနိုင်ကြောင်း CHO က ထုတ်ပြန်ထားသည်။

ဝမ်းရောဂါလက္ခာဏာများမှာ ပြင်းထန်စွာ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခမ်းသလို ခံစားရခြင်းတို့ဖြစ်ကြောင်း သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...