ဟားခါးမြို့တွင် VPN ဆော့ဝဲအသုံးပြုမှုရှိမရှိ စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးနေ

ဟားခါးမြို့တွင် VPN ဆော့ဝဲအသုံးပြုမှုရှိမရှိ စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးနေ

ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသွားလူလာများသည့် နေရာများတွင် ရှောင်တခင်စစ်ဆေးမှုများ ခပ်စိတ်စိတ်ပြုလုပ်လာနေပြီး လက်ကိုင်ဖုန်းများအတွင်း VPN (virtual private network)  ဆော့ဝဲ အသုံးပြုမှု ရှိ/မရှိကို တင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်းကစ၍ VPN အသုံးပြုခြင်း ရှိ/မရှိ စစ်ဆေးမှုကို ပြုလုပ်လာခြင်းဖြစ်ပြီး အထူးသဖြင့် လူငယ်များကိုပစ်မှတ်ထား စစ်ဆေးနေသည်ဟု ဟားခါးမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။

“ ဆေးရုံလမ်းခွဲနားတဝိုက်မှာ သူတို့က တွေ့တဲ့သူတိုင်းကို မစစ်ဘူး၊ နည်းနည်းလူကြီးပိုင်းတွေဆို မစစ်ဘူး၊ လူငယ် ယောကျ်ားလေးပိုင်းဆိုရင် ပိုစစ်တယ်၊ အပြင်သွားရင် VPN app ကို ဖျက်တယ်၊ ပြန်ရောက်မှ ပြန်သွင်းရတယ်၊VPN ကြောင့်ဖမ်းတဲ့သူလည်းရှိတယ်ကြားတယ်” ဟု ဟားခါးမြို့ခံအမျိုးသမီးကပြောသည်။

ဟားခါးမြို့ပေါ် ဆေးရုံလမ်းခွဲ၊ လမ်းစုံ၊ နာရီစင်၊ အ.ထ.က (၁) နှင့် အ.ထ.က (၃) စာသင်ကျောင်း လမ်းမပေါ်တို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများက စစ်ဆေးမှုများ နေ့စဉ်နီးပါးပြုလုပ်လေ့ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၀) ရက်နေ့ကလည်း ဟားခါးမြို့ပေါ်တနေရာတွင် လူငယ်လင်မယား (၂) ဦးကို စစ်ဆေးရာတွင် ၎င်းတို့ဖုန်းတွင် VPN ဆော့ဝဲ တွေ့ရှိမှုကြောင့် စစ်ကာင်စီတပ်ဖွဲ့များက ဖမ်းဆီးကာ ဒဏ်ငွေပေးဆောင်ခိုင်းခဲ့သည်ဟု သိရသည်။

“သူတို့ဖမ်းတဲ့သူတွေကို ပိုက်ဆံတောင်းတယ် မပေးရင် မလွတ်ဘူးဆိုတဲ့သဘော အဓိက သူတို့ (စကစ) တွေက VPN ကို လုံးဝမသုံးစေချင်တာ၊VPN တွေကို အများဆုံးစစ်ဆေးတယ်၊ နောက်ပြီး လူငယ်တွေ ဟုတ်လားမဟုတ်ဘူးလားဆိုပြီး ဓာတ်ပုံတွေလဲရှာကြတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း Facebook လူမှုကွန်ရက်စာမျက်နှာကို အင်တာနက်လိုင်းကနေ တန်းချိတ်ပြီး အသုံးပြု၍မရအောင် စစ်ကောင်စီက ပိတ်ပင်ထားခဲ့သည်။

ထို့ကြောင့် အွန်လိုင်းဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာစာမျက်နှာများကို ဝင်ရောက်အသုံးပြုနိုင်ရန် ကြားခံနက်ဝပ် အနေဖြင့် VPN (Virtual Private Network) အက်ပလီကေးရှင်းများကို အသုံးပြုနေကြရသည်။

၂၀၂၄ ခုနှစ် မေလ (၃၀) ရက်နေ့တွင် စစ်ကောင်စီသည် တရုတ်နည်းပညာဖြင့် လက်ရှိမြန်မာနိုင်ငံတွင် အသုံးများသည့် 1.1.1.1 VPN နှင့် Psiphon Pro VP (Virtual Private Network) ဆော့ဝဲကို ပိတ်ခဲ့သောကြောင့် လက်ရှိ အခြား VPN များကို ပြောင်းပြီးအသုံးပြုရသည်ဟု သိရသည်။

VPN  စနစ်ကို ခွင့်ပြုချက်မပါဘဲ အသုံးပြုလျှင် ထောင်ဒဏ် ၃ နှစ်မှ ငွေသိန်းငါးဆယ်ထက်မပိုသည့် ဒဏ်ငွေဖြစ်၊ ပြစ်ဒဏ်နှစ်ရပ်လုံးချ မှတ်နိုင်သည့် ဆိုင်ဘာလုံခြုံရေးဥပဒေအပြဌာန်းရန် စစ်ကောင်စီမှ ကြိုးပမ်းလာနေခြင်းဖြစ်ပြီး တခြားမြို့နယ်များတွင်လည်း VPN စစ်ဆေးမှုများရှိနေသည်ဟု သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...