မတူပီနှင့် မင်းတပ်မှာ စခန်းသိမ်းတိုက်ပွဲသတင်းကြောင့် မြို့ခံရာချီ စစ်ရှောင်မှုများ ပိုတိုးလာနေ

မတူပီနှင့် မင်းတပ်မှာ စခန်းသိမ်းတိုက်ပွဲသတင်းကြောင့် မြို့ခံရာချီ စစ်ရှောင်မှုများ ပိုတိုးလာနေ

ချင်းပြည်နယ် မတူပီမြို့နှင့် မင်းတပ်မြို့ပေါ်များတွင် စခန်းသိမ်းတိုက်ပွဲဖြစ်တော့မည့် သတင်းများကြောင့် မြို့ပေါ်ဒေသခံများ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်မှု ရာချီ၍ တိုးမြှင့်လာကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

မတူပီမြို့ပေါ်တွင် စခန်းသိမ်းတိုက်ပွဲများသတင်းကြောင့် မြို့ပေါ်နေပြည်သူများသည် လွန်ခဲ့သော တစ်ပတ်ကတည်းက စတင် စစ်ဘေးရှောင်လာကြခြင်းဖြစ်ပြီး လက်ရှိမှာ စစ်ဘေးရှောင်သူများ တဟုန်ထိုး များပြားလာကြောင်း မတူပီမြို့နယ်စစ်ဘေးရှောင် တာဝန်ခံတစ်ဦးက ပြောသည်။

“ လူဘယ်လောက်စစ်ဘေးရှောင်ကြလဲဆိုတာ အတိအကျ မသိသေးတာ၊ မြို့ပေါ်က လူတွေက အများကြီး ဆိုတော့လေ၊ တစ်နေ့ပြီး တစ်နေ့ လာနေကြတာ၊ အားလုံးနဲ့က အချိတ်အဆက်မရသေးဘူး။ ဆက်သွယ်ရေး အဆင်မပြေတာရော၊ ဆိုင်ကယ်အခက်အခဲ တွေနဲ့ပါ။ ဒေတာတွေ ဒီရက်ပိုင်း ကောက်ခိုင်းနေတာလည်း လုံးဝကို အဆင်မပြေသေးဘူး” ဟု မတူပီမြို့နယ်၊ IDP တာဝန်ခံက ပြောသည်။

မတူပီမြို့ပေါ်က ပြည်သူများသည် အာဏာသိမ်းမှု ၃ နှစ်တာအတွင်း စစ်ဘေးရှောင်သူများရှိပြီး လက်ရှိမှာလည်း စစ်ဘေးရှောင် သူများ နည်းလမ်းပေါင်းစုံနှင့် နယ်မြေဒေသအစုံသို့ စစ်ဘေးရှောင်ထွက်နေသောကြောင့် အိုးအိန်စွန့်ခွာ စစ်ရှောင်သူအရေအတွက်ကို အတိအကျ စာရင်းမကောက်နိုင်သေးကြောင်း သိရသည်။

အိန္ဒိယဘက်သို့ စစ်ရှောင်ကြသူများ ရှိသကဲ့သို့ မကွေးတိုင်း၊ ဂန့်ဂေါ၊ ဆောဘက်သို့လည်း စစ်ရှောင်ကြသူများ ရှိကြောင်း၊ ရန်ကုန်၊ မန္တလေးဘက်သို့လည်း စစ်ရှောင်ကြပြီး တချို့ဒေသခံများက မတူပီမြို့နယ်ထဲက ကျေးရွာများဘက်သို့ စစ်ဘေးရှောင်ကြကြောင်း သိရသည်။

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း မတူပီမြို့နယ်ထဲက စစ်ဘေးရှောင် ၅၀ ကျော်ရောက်ရှိနေကြောင်း ဆောမြို့နယ် စစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောသည်။

အလားတူ မင်းတပ်မြို့ပေါ်က စစ်ဘေးရှောင် ၃၀၀ ကျော်လည်း ဆောမြို့နယ်ထဲကို စစ်ဘေးရှောင်ရန် ရောက်ရှိနေကြပြီး နေ့စဉ် စစ်ဘေးရှောင်သူများ ရောက်ရှိလာနေကြောင်း ဆော-ကျောက်ထုမှ စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

မင်းတပ်မြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူ ၅၀၀ ခန့်မှာလည်း ထပ်မံလာရောက်ချင်သောကြောင့် နေရာစီစဉ်ပေးနိုင်ရန် အကူအညီ တောင်းထားကြကြောင်း ၎င်းစစ်ရှောင်ကူညီနေသူက ပြောသည်။

“မင်းတပ်ကတော့ တော်တော်လေးကို များနေပါပြီ။ တချို့က ဒီမှာ နားမယ်။ မြို့ကို သွားကြမယ်။ တချို့က ဆောမြို့နယ်ထဲမှာ အိမ်ငှားနေတယ်။ တချို့လည်း စစ်ရှောင်စခန်းတွေမှာ နေတယ်။ ကျနော်တို့ ယောထဲက ရင်နှီးသူတွေလည် ရောက်ကြပြီး။ တချို့လည်း အဆောက်အဦးတွေ ဆောက်ကြတုန်းပေါ့” ဟု ၎င်းက ပြောသည်။

ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးများနှင့် ပုံစံ မျိုးစုံဖြင့် စစ်ရှောင်များ ရောက်ရှိလာကြပြီး တချို့မှာ ဆောမြို့နယ်အတွင်း အိမ်းငှားခြင်း၊ စစ်ရှောင်စခန်းများ ဆောက်လုပ်ခြင်းတို့ဖြင့် နေထိုင်ကြကြောင်း သိရသည်။

တချို့စစ်ဘေးရှောင်များမှာ မန္တလေး၊ ရန်ကုန်၊ ပခုက္ကူ စသဖြင့် နီးစပ်ရာ ဆွေမျိုးများရှိရာသို့ ထပ်မံ ထွက်ခွာသွားကြကြောင်း သိရသည်။

“ CDF တွေက မြို့သိမ်းတိုက်ပွဲတွေ စတော့မယ်။ စစ်ဘေးရှောင်ပေးကြပါလို့ လာပြောကြတယ်တဲ့။ အဲဒါနဲ့ မြို့ပေါ်ကနေ သူတို့ ကြိုပြီးတော့ စစ်ဘေးရှောင်လာရတယ်လို့ သူတို့ (စစ်ဘေးရှောင်များ) က ပြောကြတယ်” ဟု ဆောမြို့နယ်အတွင်း ၂ နှစ်ကျော် စစ်ဘေးရှောင်နေရသော ဒေသခံတစ်ဦးက ပြောသည်။

ဆောမြို့နယ်အတွင်း စစ်ရှောင်လာကြသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များကို အများဆုံး မြင်တွေ့ရကြောင်း ဒေသခံများနှင့် စစ်ရှောင်ကူညီနေသူများက ပြောသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...