မွန်ပြည်နယ်တွင် အပူဒဏ်ကြောင့် သေဆုံးသူ ၃၀ကျော်ရှိ

မွန်ပြည်နယ်တွင် အပူဒဏ်ကြောင့် သေဆုံးသူ ၃၀ကျော်ရှိ

မွန်ပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးတွင် ယခုနွေရာသီအတွင်း အပူဒဏ်ကြောင့် သေဆုံးသူ ၃၀ ဦးကျော်ရှိခဲ့သည်ဟု မွန်ပြည်နယ် လူမူကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစ၍ ယခုမေလ တတိယအပတ်အထိ အပူဒဏ်ကြောင့် သထုံမြို့နယ်မှ လူ၂၀ ကျော်အထိ သေဆုံးမှုဖြင့် အများဆုံးဖြစ်ခဲ့ပြီး ဘီးလင်းမှ ၃ဦး၊ ကျိုက်မရောမှ ၁ ဦး၊ မော်လမြိုင်မှ ၃ ဦးနှင့် ရေးမြို့နယ်မှ ၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဘီးလင်းမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဘီးလင်းမှာ လူသေဆုံးမှုတော့ရှိတယ် ဦးနှောက်သွေးကြောပျက်ပြီး သေတာရှိတယ် လွန်ခဲ့တဲ့မတ်လနဲ့ ဧပြီလပိုင်းလောက်က ပိုဖြစ်များတာပေါ့ လူတော်တော်များများ ဆေးရုံရောက်သွားတာရှိတယ်လေ၊ မြို့နယ်အားလုံးမှာ စုစုပေါင်း ၃၀ကျော်ထိ အသက်ဆုံးရှုံးခဲ့ရတာ ရှိတာပေါ့ ” ဟု  လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အပူဒဏ်ကြောင့် သေဆုံးသူများထဲတွင် နှလုံးသွေးကြောကျဉ်းရောဂါ၊ဆီးချိုရောဂါ ၊သွေးတိုးရောဂါ ၊နာတာရှည်ရောဂါခံရှိသူတို့အပြင် လူငယ်နှင့် လူလတ်ပိုင်းအရွယ်တို့လည်း ပါဝင်သည်ဟု သိရသည်။

ယခုနှစ်တွင် အပူချိန် ပိုမိုပြင်းထန်သည့်အပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် ပိုမိုများခြင်းကြောင့် အပူဒဏ်ပိုမိုခံစားရပြီး ရေးမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် နှစ်ရက်ဆက်တိုက် အပူဒဏ်ကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရေးမြို့ခံတစ်ဦးက ဆိုသည်။

“ ဆီလည်းဈေးကြီး၊ မီးလည်းဖြတ်ခံရတော့ အပူချိန်များပြီးတော့ သတိလစ်သွားတယ်၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါ၊ ဆေးရုံရောက်တော့ ဆုံးသွားတယ်"လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့အပြင် အပူရှပ်ခြင်းကြောင့် မူးမေ့ခြင်း၊ ချွေးထွက်များခြင်း၊ ပျို့အန်ခြင်း၊နုံးနယ်ခြင်းကြောင့် ဆေးရုံဆေးခန်းတို့တွင် လာရောက်ကုသခံယူသူ များပြားလျှက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အပူချိန်ပြင်းထန်သည့် မနက် ၁၁ နာရီမှ၃ နာရီအချိန်တွင် သွားအလာဂရုစိုက်ကြရန်၊ လေဝင်လေထွက်ကောင်းပြီး အပူဒဏ်သက်သာသည့်နေရာတွင် နေထိုင်ကြရန်လည်း ကျန်းမာရေးတာဝန်ရှိသူတို့က တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဧပြီလတွင် နိုင်ငံတစ်ဝှမ်းအပူချိန်မြင့်မားမှုကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီး မန္တလေးတိုင်းဒေသကြီးတွင် သေဆုံးသူအများဆုံးဖြစ်ကြောင်း RFA မှ ဖော်ပြထားသည့်အချက်အလက်ရ သိရသည်။

June 13, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ရာဖူးရွာသစ်၊ ရာဖူးကျေးရွာနှင့် သာယာမွန်ကျေးရွာတို့တွင်...
June 12, 2024
မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပညာရေးဌာနအောက်ရှိ အထက်တန်းကျောင်းတို့တွင်  ယခု၂၀၂၄ -၂၀၂၅...
June 10, 2024
စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုတို့ကြား ပဋိပက္ခဖြစ်ပွားမှု ပိုဖြစ်ပွားသည့်...