အောင်ဇေယျ စစ်ကြောင်းတွင် အသက်မပြည့်သေးသော ကလေးစစ်သားများပါဝင်တိုက်ခိုက်နေ

အောင်ဇေယျ စစ်ကြောင်းတွင် အသက်မပြည့်သေးသော ကလေးစစ်သားများပါဝင်တိုက်ခိုက်နေ

မြဝတီမြို့ပြန်လည်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင် ဇေယျ စစ်ဆင်ရေး စစ်ကြောင်းများတွင် အသက်မပြည့်သေးသည့်ကလေး စစ်သားများ ပါဝင်တိုက်ခိုက်ပေးနေရကြောင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများက ပြောသည်။

စစ်ကောင်စီ ဒုတိယခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင်ဦးစီးကွပ်ကဲ၍ ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့မှစတင်သော အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းတွင် တပ်မ(၇၇)နှင့် တပ်မ(၅၅) လက် အောက်ခံ တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် ကလေးစစ်သား(၃) ဦးထက်မနည်းပါ ဝင်ကြောင်း ကော်ဘရာ (Cobra Colum) စစ်ကြောင်းက ဖမ်းဆီးရမိသည့် (၁၇) နှစ်အရွယ် တပ်သား ချမ်းမြေ့အောင်က ပြောသည်။

၎င်းက “ကျနော်ပါတဲ့ စစ်ကြောင်းမှာ ပေါတာဆွဲရင်း မဲပေါက်ပြီး ပါလာတဲ့သူက (၁၀) ယောက် လောက်ရှိမယ်။ တခြား စစ်ကြောင်းမှာလည်းအများကြီးပဲ။ အကုန်လုံး အယောက် (၂၀)လောက်ပါမယ်။ ကျနော်ပါတဲ့ စစ်ကြောင်းမှာဆိုရင် ကျနော့်လို အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက်ပါတယ်။ အကုန် ၁၇ နှစ်ပဲရှိကြသေးတယ်။”  ဟု ကေအိုင်စီ သို့ ပြောသည်။

အောင်ဇေယျ စစ်ဆင်ရေးတွင် ဒေါနတောင်တက်လမ်းဟောင်း နှင့် လမ်းသစ်ဟူ၍ စစ်ကြောင်း နှစ် ကြောင်းခွဲ၍ ခွဲတက်လာခြင်းဖြစ်သောကြောင့် တပ်သားချမ်းမြေ့အောင် ပါဝင်သည့် စစ်ကြောင်းတွင် အသက်မပြည့်သေးသည့် ကလေးစစ်သားအရေအတွက်ကိုသာ သိရှိရပြီး ကျန်စစ်ကြောင်းတွင်လည်း ကလေးစစ်သားများ ပါဝင်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ တပ်သားချမ်းမြေ့အောင် ကိုယ်တိုင်လည်း ဦးလေးတော်စပ်သူ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး ကိုယ်တိုင်မှ အကြမ်းဖက်ထိုးကြိတ်ပြီး စစ်တပ်ထဲသို့ အတင်းအဓမ္မသွပ်သွင်းခံလိုက်ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်တွင် စစ်သက်တမ်း တစ်နှစ်မပြည့်သေးဘဲ စစ်သင်တန်းပြီးပြီးချင်း ရှမ်းမြောက်ဒေသ လောင်ကိုင်မြို့ရှိ ရှေ့တန်းသို့ ပို့ဆောင်ခံလိုက်ရကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

တပ်သား ချမ်းမြေ့အောင်အနေဖြင့်လည်း ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် တပ်ဖွဲ့ဝင်ထောင်နှင့်ချီ လက်နက်ချခဲ့သည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း တပ်မဌာနချုပ် တပ်မ(၅၅) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၁၁၂) တွင် ပါဝင်ခဲ့ သူဖြစ်ပြီး ယခု အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းတွင်ထပ်မံရှေ့တန်းပို့ဆောင်ခံခဲ့ရကာ ၎င်းရှေ့တန်းနယ်မြေမှ ထွက်ပြေးလာစဉ် ကော်ဘရာစစ်ကြောင်းမှ ဖမ်းဆီးရမိခဲ့သူလည်းဖြစ်သည်။

လတ်တလော ထိုးစစ်ဆင်နေသည့် အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းတွင် ပါဝင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ အများစုမှာ တိုက်ခိုက်လိုစိတ်မရှိကြသလို တပ်မှထွက်ပြေးလိုကြသူ အများအပြား ရှိနေကြောင်းလည်း ကော်ဘရာစစ်ကြောင်းက ဖမ်းဆီးရမိသည့် နောက်ထပ် စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သုံ့ပန်းများက ဆိုသည်။

“တော်တော်များများက မတိုက်ချင်ကြတော့ဘူး။ အကုန်လုံးက စိတ်ဓါတ်တွေ မရှိကြတော့ဘူး။ ဟို လောင်ကိုင်မှာ လက်နက်ချလာကတည်းက ဘယ်သူမှ စစ်မတိုက်ချင်ကြတော့ဘူး။ ကိုယ့်မြန်မာ အချင်း ချင်းပဲ ပြန်တိုက်နေရတာဆိုတော့။ တော်တော်များများကလည်း ထွက်ပြေးချင်ကြတယ်။ ကျနော်တို့ ပြေးဖို့လုပ်တုန်းက ၁၅ ယောက်လောက်တိုင်ပင်ထားကြတာ။ ကျန်တဲ့သူတွေက ညဘက်မှ ပြေးမယ် ဆိုပြီး ပြောထားကြပေမဲ့ ကျနော်တို့ ၃ ယောက်က အခွင့်အရေးရတာနဲ့ တန်းပြေးလာကြတာ” ဟု ချမ်းမြေ့အောင်နှင့်အတူ ထွက်ပြေးလာသူ တပ်သား ပြည့်ဖြိုးအောင်က ကေအိုင်စီ သို့ ပြောသည်။

အလားတူ ယခုလို ရှေ့တန်းနယ်မြေမှ ထွက်ပြေးသူများကို ပြန်လည်ဖမ်းဆီးရမိလျှင်ချော့မော့၍ တာဝန် ဆက်လက် ထမ်းဆောင်ခိုင်းသလို နောက်တန်းစခန်းမှ ထွက်ပြေး၍ ပြန်လည် ဖမ်းဆီးရမိသူများကိုမူ ဖမ်းဆီးထိန်းသိမ်းပြီး ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ကြောင်းလည်း ၎င်း စစ်သုံ့ပန်းများက ပြောဆိုသည်။

အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းတွင် ရှေ့တန်းနယ်မြေမှ ထွက်ပြေးလာသူ၊ တိုက်ပွဲအတွင်း ဖမ်းဆီး ရမိသူအပြင် အလံဖြူထောင် လက်နက်ချအညံ့ခံသူ ၂၀ ဦးထက်မနည်းရှိနေပြီး ယခုလို ထွက်ပြေး သူများပြားလာသည့်အပေါ် စစ်ကောင်စီဘက်ကလည်း ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ထားကြောင်း ထွက်ပြေးလွတ် မြောက်လာသူများကပြောသည်။

လတ်တလော အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းတွင် လောင်ကိုင်မြို့မှ လက်နက်ချလာခဲ့သည့် တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင် အများစုပါဝင်ပြီး နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များ၏ ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုများကြောင့် ဒေါနတောင်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိသေးကြောင်း နယ်မြေခံ စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။

Most read this week

June 15, 2024
ဖားအံမြို့တွင် ပြီးခဲ့သည့် မေလမှ စတင်ကာ စျေးကွက်အတွင်းလူသုံးများသည့် ဆေးဝါး နှင့်...
June 14, 2024
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ ၄ရွာတွင် နှစ်ဖက်တိုက်ပွဲ...
June 13, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲ...
June 12, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒေသခံပြည်သူများအနေဖြင့် ကုန်ပစ္စည်း သွားလာရောင်းဝယ်မှုမရတော့...