သံတွဲဒေသခံနေအိမ်များအား ဖောက်ထွင်းပြီး စစ်ကောင်စီက ပစ္စည်းများခိုးယူနေ

သံတွဲဒေသခံနေအိမ်များအား ဖောက်ထွင်းပြီး စစ်ကောင်စီက ပစ္စည်းများခိုးယူနေ

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေကြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်များအား ဖောက်ထွင်းပြီး ပစ္စည်းများကို ခိုးယူဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ရှိ လင်းသီ၊ နတ်တောင်မော်၊ ကျောင်းကုန်း စသည့် ကျေးရွာများမှ နေအိမ်များကို ဖောက်ထွင်းပြီး ကြက်၊ ဝက်များကိုလည်း သတ်ဖြတ်စားသောက်မှုများရှိကြောင်း ကျောင်းကုန်းကျေးရွာသား တစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ကတည်းက ကျနော်တို့ရွာမှာ အထိုင်ချပြီးနေတာ။ ကျနော်တို့က ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်။ ရွာသားတွေမရှိတော့ ရွာထဲကအိမ်တွေကို ဖောက်ပြီးတော့ အိမ်ကပစ္စည်းတွေကိုယူတယ်။ ကျနော့်အိမ်ကိုလည်း မွှေပြီးတော့ ယူချင်ရာယူသွားတယ်။ နောက်ပြီးတော့ အိမ်မှာရှိတဲ့ ဝက်နှစ်ကောင်ကို သတ်စားသွားတယ်။ နောက်ပြီးတော့ ဆိုင်မှာတင်ထားတဲ့ အရက်တွေကိုလည်း အကုန်လုံးယူသွားတယ်” ဟု သူက ပြောသည်။

အဆိုပါကျေးရွာများတွင် ငပလီအခြေစိုက် ခလရ (၅၅) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး ကျောင်းကုန်းကျေးရွာမှ နေအိမ် ၁၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

နှင်းဆီကျေးရွာမှ ဒေသခံတစ်ဦးကလည်း “ကျနော်တို့ရွာကလည်း နေအိမ်တွေကို ဖောက်ပြီးတော့ ကြက်တွေ၊ ဝက်တွေကို ယူသွားတယ်။ နောက်ပြီးတော့ အိမ်တွေကိုလည်း အကုန်လုံးမွှေပြီးတော့ သူတို့လိုအပ်တာအကုန်လုံး ယူသွားတာ။ တိုက်ပွဲဖြစ်နေတော့ ရွာသားတွေက အိမ်ကို မပြန်ရသေးဘူး” ဟု ပြောသည်။

ဒေသခံများမှာ ၎င်းတို့နေအိမ်များ ဖောက်ထွင်းခိုးယူခံရခြင်းကို လမ်းသွားလမ်းလာနှင့် ကျေးရွာသို့ သွားကြည့်သူတချို့ထံမှ သိရခြင်းဖြစ်သည်ဟု ပြောသည်။

ရခိုင်ပြည်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်ကြာမြင့်လာပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

ရခိုင်စစ်မျက်နှာတွင် အရေးနိမ့်နေသောစစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊ လေကြောင်းပစ်ခတ်နေမှုကြောင့် ထိခိုက်သေဆုံးမှုများနေ့စဉ်ရှိနေပြီး၊ နေအိမ်အဆောက်အအုံ မီးလောင်ဆုံးရှုံးမှုလည်း မြင့်တက်လျက်ရှိသည်။

စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...
May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...
May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...