ဖူ့ချိမူစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေ သခံ ၄ ဦးကိုပစ်သတ်

ဖူ့ချိမူစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေ သခံ ၄ ဦးကိုပစ်သတ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ် ဖူ့ချိမူ စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့ မေလ ၁၉ ရက်နေ့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံအရပ်သား ၄ ဦးကို ပစ်သတ်သွားခဲ့သည်ဟု သိရသည်။

မေလ ၁၈ ရက်နေ့ညက စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်း-မြန်မာ နယ်စပ်သို့ ဦးတည်ထွက်ပြေးရာတွင် လမ်းကြောင်းတစ်လျှောက်တွေ့ရှိသည့် ကိုယ်ဝန် ၅ လရှိ အမျိုးသ မီးတစ်ဦးနှင့် အမျိုးသားသုံးဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု နယ်မြေခံ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

၎င်းက “အဲဒီထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်က အင်အား ၂၀ ကျော်လောက်ရှိမယ်။ တိတိကျကျ တော့မသိဘူး။ သူတို့လမ်းကြောင်းက ပိုင်ခလန်ရွာဘက်ကို ထွက်ပြေးသွားတာ လက်နက်အပြည့် အစုံ နဲ့ပဲ။ ပြီးတော့ ဒီဘက်ကော်သူးလေ တပ်ဖွဲ့တွေက သူတို့ပြေးတဲ့လမ်းကိုသိတော့ စောင့်ပြီးပစ်တယ်။ အဲဒါသူတို့က လမ်းမှာတွေ့တဲ့လူထုတွေကို လိုက်ပစ်သတ်တယ်။ အဲဒီ ကိုယ်ဝန်သည်တစ်ဦးနဲ့ ယောက်ျား ၄ သုံးဦးသေသွားတယ်။”ဟု ပြောသည်။

စစ်ကောင်စီတပ်သား၏ ပစ်သတ်ခြင်းခံရသည့် အမျိုးသမီးမှာအသက် ၃၀ ဝန်းကျင်ရှိပြီး ပိုင်ခလန် ကျေးရွာသို့ ကိုယ်ဝန်ရက်ချိန်းသွားပြရန် လမ်းတွင်ဆိုင်ကယ်မောင်းပေးသူ အမျိုးသားတစ်ဦးနှင့်အတူ ပစ် သတ်ခံရခြင်းဖြစ်သလို အခြားပစ်သတ်ခံရသည့် အမျိုးသား ၂ ဦးမှာ ခြံသွားသည့်လမ်းတွင် တစ်ဦးနှင့်  ဥယျာဉ်ခြံတဲတွင် နေထိုင်သည့် အသက်၂၀ ကျော် လူငယ်တစ်ဦးတို့ဖြစ်ကြသည်ဟု သိရသည်။

လက်နက်အပြည့်အစုံဖြင့် စခန်းစွန့်ခွာ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် လက်ရှိတွင် ထိုင်းနယ်စပ်သို့ ရောက်ရှိသွားသူရှိသလို အချို့မှာ ဖူ့ချိမူစခန်းတွင်သာ ဆက်ရှိနေဆဲဖြစ်ကြောင်း နယ်မြေခံ တာဝန်ရှိသူများက ပြောသည်။

ယခုလို စစ်ကောင်စီတပ်အချို့လက်နက်အပြည့်အစုံနှင့် စခန်းစွန့်ခွာထွက်ပြေးခြင်းရှိသည့်အတွက် အနီးအနားရှိ ဒေသခံပြည်သူများသည် သတိဖြင့် သွားလာနေထိုင်ကြရသလို အချို့မှာ ၎င်းတို့ ဥယျာဉ်ခြံထဲသို့ပင် မသွားလာရဲကြတော့ကြောင်း ဒေသခံထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ် ပိုင်ခလန်ကျေးရွာအနီးတွင်ရှိပြီး တပ်ဖွဲ့ဝင်အင်အား ၁၀၀ နီးပါးရှိ ဖူ့ချိမူ စစ်ကောင်စီ တပ်စခန်းတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခြေမြန် တပ်ရင်း(ခမရ-၅၅၈)၊(ခမရ-၅၆၁)နှင့်ခြေလျင်တပ်ရင်း(ခလရ-၉၉၃) အခြေချတပ်စွဲထားပြီး ထိုနယ်မြေ ဒေသအတွင်း အကြီးဆုံးစစ်စခန်းတစ်ခုဖြစ်သည်ဟု နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များဘက်က ပြောသည်။

လက်ရှိတွင် အဆိုပါစခန်းအတွက် ရိက္ခာပို့ဆောင်ရန်နှင့် မြေပြင်စစ်ကူလမ်းကြောင်းများအားလုံးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဖြတ်တောက်ထားသည့်အတွက် တပ်ရိက္ခာနှင့် စစ်ကူများကို လေယာဉ်ဖြင့်သာ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လကလည်း မယ်သရောထစစ်ကောင်စီတပ်စခန်းနှင့် ရေတလျောက် တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် ထိုင်းနိုင်ငံနယ်စပ်ရွာဖြစ်သည့် ပိုင်ခလန်ကျေးရွာထဲသို့ စခန်း စွန့်ခွာ ထွက်ပြေးမှု ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို ထိုင်းဘုရင့်တပ်မတော်က မဲဆောက်မြို့မှတဆင့် မြဝတီမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...