ကရင်နီပြည်မှာ ပထမဆုံး ကရင်နီဆေးကောလိပ် ကျောင်းဖွင့်ဖို့ ဆောင်ရွက်နေ

ကရင်နီပြည်မှာ ပထမဆုံး ကရင်နီဆေးကောလိပ် ကျောင်းဖွင့်ဖို့ ဆောင်ရွက်နေ

ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ ပညာရပ်ကိုလေ့လာနိုင်ဖို့ ပထမဆုံး ကရင်နီဆေးကောလိပ်ကျောင်းကို ဖွင့်လှစ်သွားမယ်လို့ ကရင်နီဆေးကောလိပ် ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဖြစ်တဲ့ ဒေါက်တာမျိုးခန့်ကိုကိုက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“တကယ်ဝါသနာပါပြီးတော့ တကယ်အရည်အချင်း ပြည့်မှီတဲ့ ကလေးတွေ ဆရာဝန်ဖြစ်ချင်တဲ့ကလေးတွေ ဆရာဝန်ဖြစ်ခွင့်ရအောင် ကျနော်တို့ ကြိုးစားကြမယ် ဆိုပြီးတော့မှ စတင်ပြီးတောမှ အကောင်အထည်ဖော် စိတ်ကူးရတာကတော့ ကရင်နီဆေးကောလိပ်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌဖြစ်တဲ့ ကျနော် ပြီးတော့ ကျနော့ရဲ့ ကရင်နီ ဆရာဝန်အစည်းအရုံး အဲ့ကနေ အားလုံးပါဝင်ဖို့သင့်တယ် ဆိုပြီးတော့ မှ ကျနော်တို့ ပြည်တွင်းပြည်ပက တတ်သိ ပညာရှင် ကျွမ်းကျင် ပညာရှင်တွေ ပြီးတော့ ကရင်နီအတွင်းမှာ ရှိတဲ့ နိုင်ငံရေး အုပ်ချုပ်ရေး ဘာသာရေးပေါ့နော် စတဲ့ခေါင်းဆောင်တွေ ရပ်ဖိရပ်ဖတွေပေါ့နော် ပြည်သူတွေနဲ့ အဓိက ထိတွေ့ဆက်ဆံနေရတဲ့ ပြည်သူတွေ ယုံကြည်တဲ့ ရပ်မိရပ်ဖတွေပေါ့နော် ဒီလိုအုပ်စုကနေပြီးတေ့ာကျနော်တို့ အားလုံးပူးပေါင်းပြီးတော့မှ ကရင်နီ ဆေးကောလိပ်ကြီးကို ဖြစ်မြောက်အောင်ပေါ့နော် ကရင်နီဆေးကောလိပ်ဖြစ်မြောက်ရေးကော်မတီဆိုပြီးတော့မှ ဖွဲ့စည်းခဲ့တယ်”လို့ ဒေါက်တာမျိုးခန့်ကိုကိုက ဆိုပါတယ်။

ကရင်နီဆေးကောလိပ်ကျောင်းကို တက်ရောက်ခွင့်ရဖို့ ဝင်ခွင့်စာမေးပွဲတွေနဲ့ ပြန်လည်ရွေးချယ်သွားမှာဖြစ်ပြီး ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသားဦးရေ ၄၀ဦးရှိခဲ့တယ်လို့သိရပါတယ်။ ဝင်ခွင့်အတွက် အင်တာဗျူးစစ်ဆေးမေးမြန်းမှုကိုတော့ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကနေ မေလ ၁၁ ရက်နေ့အထိ ၃ ရက်သာ ပြုလုပ်သွားခဲ့တယ်လို့ ဒေါက်တာမျိုးခန့်ကိုကိုက ပြောပါတယ်။

စာသင်နှစ်ကို ၆နှစ် သတ်မှတ်ထားပြီး ကျောင်းပြီးသွားရင်တော့ ကရင်နီပြည်အတွင်းမှာ ၃ နှစ်မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ချမှတ်ထားတာရှိတယ်လို့ သိရပါတယ်။

ဒီလိုကောလိပ်ကျောင်းကို ဖွင့်လှစ်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မတ်လကတည်းက ကရင်နီဆေးကောလိပ်ဖြစ်မြောက်ရေးကော်မတီကို စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရတယ်လို့ ဒေါက်တာ မျိုးခန့်ကိုကိုက ပြောပါတယ်။

အခုလို ကရင်နီဆေးကောလိပ်ကျောင်း ဖြစ်မြောက်နိုင်ရေးကို ပြည်ပက ဆေးပညာရပ်ဆိုင်ရာ သိတတ် ကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင် ကူညီဆွေးနွေးခဲ့သလို သင်ကြားရေးမှာလည်း ပြည်ပ ကဆရာဝန်တွေအပြင် ကရင်နီပြည်အတွင်းက ဆေးဆရာတွေ ပါဝင်သင်ကြားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်္ဂလန် ဆေးတက္ကသိုလ်ကျောင်း မှာတက်ရောက်နေတဲ့ ဆရာမတစ်ဦးကနေပြီး ဆွဲပေးတဲ့( New Integrative Curriculum) လို့ခေါ်တဲ့ အင်္ဂလန်က ဆေးတက္ကသိုလ်မှာ နောက်ဆုံးအနေနဲ့ ကျင့်သုံးကြတဲ့ သင်ရိုးညွန်းတမ်းကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီဆေးကောလိပ်ကျောင်းဟာ ကိုယ်ထူကိုယ်ထကျောင်းအဖြစ် ရပ်တည်နေတာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်မှာဖြစ်တယ်လို့ ဒေါက်တာမျိုးခန့်ကိုကိုက ဆက်ပြောပါတယ်။

“ ကျနော်တို့တွေသည် IECရဲ့ ပညာရေးပေါ့နော်။ ပညာ‌ရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ အဆင့်မြင့်ပညာ တက္ကသိုလ်တစ်ခုအနေနဲ့ ရပ်တည်မယ်။ ကျနော်တို့ ဖက်ဒရယ် မူအရ Autonomy ( ကိုယ်ပိုင်အုပ်ချုပ်ခွင့်) ရရမယ်ဆိုတဲ့ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတာပေါ့နော်”သူကဆိုပါတယ်။

ဆေးကောလိပ်ကို တက်ရောက်လိုတဲ့ အသက် ၁၇ နှစ်ကနေ ၃၀ နှစ်အတွင်းလူငယ်တွေကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ တော်လှန်ရေးမှာပါဝင်သူတွေ၊ CDM တွေကို သာလက်ခံသွားမှာဖြစ်ပြီး စစ်ကောင်စီလက်အောက်မှာ ကျောင်းပြီးထားသူတွေနဲ့ Non CDM တွေကို လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ဒေါက်တာမျိုးခန့်ကိုကိုကပြောပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...