တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ် ၇ လုံးပျက်စီး

တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ် ၇ လုံးပျက်စီး

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦး အပါအဝင် နေအိမ် (၇) လုံးပျက်စီးပြီး ကျေးရွာ ၅ ရွာမှ ဒေသခံထောင်ချီ စစ်ဘေး ရှောင်နေရကြောင်း သတင်းရရှိသည်။

မေလ ၁၁ ရက် ည ၉ နာရီခန့်က တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာ (Lungtak)ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု (၂) ကြိမ်ခန့် ပြုလုပ်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း (၂) ကျောင်းနှင့် အရပ်သားနေအိမ် (၅) လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းလူ့ အခွင့်အရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

“ လေကြောင်း တိုက်ခိုက်မှုက အနည်းဆုံး ၂ ကြိမ် လို့ သိရတယ်။ ပြည်သူလူထုတွေရဲ့ ဒဏ်ရာ ရရှိမှုနဲ့ သေဆုံးမှုကတေ့ာ မသိရသေးဘူး။ အဲဒီရွာက ပြည်သူလူထုတွေက စစ်ဘေးရှောင်နေကြပြီးလို့ သိရတယ်။ လုံတပ်ရွာဘေးအနားက တချို့ရွာ တွေလည်း စစ်ဘေးရှောင်နေကြပြီ ” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

တွန်းဇံမြို့နယ်တွင် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် ZRA – EC တပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည်ဟု သတင်းများထွက်ပေါ်နေသည့်အချိန်တွင် ယခုကဲ့သို့ စစ်ကောင်စီက တွန်းဇံမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာခြင်းဖြစ်သည်။

“ တွန်းဇံမြို့နယ်တချို့ရွာတွေနဲ့ လုံတပ်ရွာအပါအဝင် တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်။ ချင်းအမျိုးသားတပ်ဦး ဦးဆောင်တဲ့အဖွဲ့နဲ့ တခြားလက်နက်ကိုင်အစုအဖွဲ့တွေလို့ ကြားရတယ်။ ZRA လား ၊ စစ်ကောင်စီလား မသိသေးဘူး။ စစ်ကောင်စီနဲ့ ဖြစ်မယ်လို့ ယူဆတယ်။ တိုက်ပွဲကြောင့် ဗုံးကြဲမှုတွေ ဖြစ်တယ်ဆိုတော့ စစ်ကောင်စီနဲ့ ဖြစ်တယ်လို့ပဲ မြင်ကြတယ် ” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

လက်ရှိတွင် လုံတပ်ကျေးရွာနှင့် ၎င်းအနီးဝန်းကျင်ကျေးရွာ (၅) ရွာခန့်မှ ဒေသခံပြည်သူ တစ်ထောင်ကျော်သည် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

တွန်းဇံမြို့နယ် အဝင်/အထွက်များကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသကဲ့သို့  ကျီခါးမြို့ဝန်းကျင်တွင်လည်း ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

မေလဆန်းပိုင်းမှစတင်၍ တွန်းဇံမြို့ပေါ် ရဲစခန်းအနီးဝန်းကျင်က ဒေသခံများသည် မြို့ပေါ် တိုက်ပွဲ သတင်းများကြောင့် နီးစပ်ရာဒေသများသို့ စစ်ဘေးရှောင်သွားပြီဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့နယ်တွင် အများပြည်သူ မှီတင်းနေထိုင်ရာ မြို့ရွာများအတွင်း တိုက်ပွဲဖော်ဆောင်ခြင်း မပြုလုပ်ဘဲ ရှောင်ရှားပေးရန်‌ မေလ ၃ ရက်က တွန်းဇံမြို့၊ ခရစ်ယာန်ဂိုဏ်းပေါင်စုံ မိတ်သဟာယအဖွဲ့နှင့် မြို့မိမြို့ဖများက ပန်ကြားလွှာ ထုတ်ပြန်သည်။

တွန်းဇံမြို့နယ်အတွင်းက ပြည်သူလူထုသည် အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုနှင့် ဆုံးရှုံးနစ်နာမှုများထဲသို့ ဆင်းသက် ကျရောက် မည်ကို အထူးစိုးရိမ်မကင်းဖြစ်နေရသည် ၎င်းတို့က ထုတ်ပြန်ထားသည်။

တွန်းဇံမြို့နယ်တွင် စစ်ကောင်စီတပ်အပါအဝင် ZRA (EC)၊ PDF- Zoland၊ CDF – တွန်းဇံနှင့် PDF ခေါ် Thahdo Defense Force စသည့် လက်နက်ကိုင်တပ်ဖွဲ့များ အခြေပြုလှုပ်ရှားနေကြကြောင်း သိရသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...