ဝိုင်းမော်မြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ရွာပေါင်း ၃ ရွာထက်မနည်းစစ်ဘေးရှောင်နေရ

ဝိုင်းမော်မြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ရွာပေါင်း ၃ ရွာထက်မနည်းစစ်ဘေးရှောင်နေရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲနယ်မြေမှာရှိနေတဲ့ ဒေသခံပြည်သူအားလုံးစစ်ရှောင်နေကြရတယ်လို့ ပြောပါတယ်။

ဝူယန်ကျေးရွာက ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က  မကြာမခဏလာရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးလှုပ်ရှားနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်က ညတိုင်း ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနား မြောက်ပိုင်းတိုင်းဘက်က လက်နက်ကြီးတွေရမ်းတမ်းပစ်ခတ်တာကြောင့် လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် ရွာသားတွေ တိမ်းရှောင်ပြီလို့ ဝူယန်ကျေးရွာဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“ကျနော်တို့ ဝူယန်ကျေးရွာတွေက အားလုံးရှောင်ပြီ။ ရွာမှာ ပြည်သူ့စစ်စခန်းရှိတော့ ခဏခဏ တိုက်ပွဲဖြစ်လို့ ရှောင်ပြီ။ မဒိန်ရွာတွေလည်း ရှောင်တော့ရှောင်ပေမဲ့ ရှောင်လိုက်၊ နေလိုက် ရှိနေပုံပဲ။ သွားလာရင် မဒိန်၊ ခကွမ်ရွာတွေ အိမ်တွေမှာရှိနေကြတာ တွေ့ရသေးတယ်။ ကျနော်တို့တော့ ပြည်သူ့စစ်နဲ့ကပ်ရပ်ဆိုတော့ နေလို့အဆင်မပြေတော့ဘူး။ ၅၈ တပ်ရင်းက လက်နက်ကြီးပစ်တာလည်း ရွာသားတွေကို လာထိတယ်။ စာသင်ကျောင်း၊ ဘုရားကျောင်းတွေမှာလည်း ထိတယ်။”

လတ်တလော ဝူယန်ကျေးရွာအပြင်အနီးအနားက မုတ်ကျိတ်၊လမြန်၊ကျေးရွာ ၃ ရွာက ဒေသခံတချို့ နောင်းချိန်း ကျေးရွာဘက်ကိုထွက်ပြေးတိမ်းရှောင်နေပြီး ဝိုင်းမော်မြို့၊ မြို့မရပ်ကွက်ရှိ စစ်ရှောင်စခန်းမှာလည်း အိမ်ခြေ ၁၀၀ ကျော် စစ်ရှောင်နေကြရပါတယ်။

ပြည်သူ့စစ်တပ်စခန်းတည်ရှိရာ ဝူယန်ကျေးရွာက ဒေသခံတွေလည်း အားလုံးတိမ်းရှောင်နေကြပြီဖြစ်ပြီး  နေအိမ်မှာကျန်ခဲ့တဲ့ ကြက်၊ ဝက် တိရိစ္ဆာတွေကိုအစာပြန်ကျွေးလိုက်ဖို့ နေ့ချင်းပြန်လာရောက်တာတွေတော့ရှိတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တွေက  ကားလမ်းမတစ်လျှောက်မှာ နေရာယူထားပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ ဝိုင်းမော်မြို့ခံတစ်ယောက်က ပြောပါတယ်။

“ဝူယန်၊ လမြန်ရွာကသူတွေက တစ်ခါတရံ မြောက်ပိုင်းတိုင်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေလည်း ရွာမှာလာကျတယ်။ တချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိလာတယ်။ ဒါကြောင့် ရွာသားတွေက ကြောက်လို့ ရှောင်ကြတာ ဟုတ်တယ်။ အခု ကားလမ်းမတစ်လျှောက် စစ်တပ်နဲ့ပြည်သူ့စစ်တွေနေရာယူထားတယ်။ ဂိတ်အသေးလေးတွေချပြီး နေနေတယ်။ သွားသွားလာလာတော့ ရပေမဲ့ လက်နက်ကြီးတွေလာကျတာရှိတော့ ထွက်ပြေးကြတာဖြစ်တယ်။” ဟု ဝိုင်းမော်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

လက်ရှိမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဘက်ကလည်း ဝူယန်၊ မုတ်ကျိတ်ကျေးရွာအထိ ထိုးစစ်ဆင်လှုပ်ရှားနေပြီး ပြည်သူ့စစ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ တို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား စစ်ရေးတင်းမာနေတာ ၂ လကျော်လာပြီဖြစ်ပြီး ဝူယန်ပြည်သူ့စစ်စခန်း မကြာခဏတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေး ၂ လနီးပါးမှာ စစ်တပ်ရဲ့စခန်းကြီးငယ်ပေါင်း ၈၀ ထက်မနည်းတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

Most read this week

May 17, 2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်...
May 16, 2024
တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 15, 2024
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 13, 2024
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅...