မြဝတီသို့ ထိုးစစ်ဆင်လာသည့် အောင်ဇေယျစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၁၂ ဦးသေဆုံးကာ ၁၈ ဦးဒဏ်ရာရ

မြဝတီသို့ ထိုးစစ်ဆင်လာသည့် အောင်ဇေယျစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၁၂ ဦးသေဆုံးကာ ၁၈ ဦးဒဏ်ရာရ

မြဝတီမြို့သို့ ဦးတည်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကျားဖြူစစ်ကြောင်းက ယမန်နေ့ မေလ ၅ ရက် နေ့တွင် သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်အဆင့် စစ်ကောင်စီ၏ ကြည်း၊ ‌ရေ၊ လေ အောင်ဇေယျစစ်ဆင်ရေးတွင် ပါဝင်လာသည့် စစ်ကောင်စီ စစ်ကြောင်းများကို မေလ ၃ ရက်နေ့တွင် အမှတ် (၃၁) ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်မှယခုလို ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရမိကြောင်း ကျားဖြူစစ်ကြောင်း၏ တပ်ဖွဲ့တစ်ဦးက ပြောသည်။

၎င်းက “ စစ်သုံ့ပန်းတော့ ကျနော်တို့စစ်ကြောင်းအနေနဲ့ ဖမ်းဆီးရမိတယ်လို့ မသိရှိရပါဘူး။ စကစ ဘက်ကတော့ ပုံမှန်အတိုင်းပါပဲ သူတို့လုပ်နေကျ Y12 နဲ့ဗုံးကြဲမယ်၊ ဟောင်ဝှစ်ဇာပစ်မယ်။ ကျဆုံးစာရင်းကတော့ စုံစမ်းသိရှိရ သလောက် ၁၂ ဦးရှိတယ်။ ကျန်တာကတော့ Page မှာဖော်ပြထားတဲ့ အတိုင်းပါပဲ” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ကူလာသည့် အောင်ဇေယျစစ်ကြောင်းများကို တောင်ပိုင်းတိုင်းရှိ အမှတ် ၃၂ ဗျူဟာနှင့်အမှတ် ၃၁ ဗျူဟာတို့ ဦးဆောင်ပြီး ကော်ဘရာ၊ VENOM၊ ကျားသစ်နက်၊ ကျားဖြူနှင့် SOG စသည့် တော်လှန်ရေး ပူးပေါင်း စစ်ကြောင်းများက တိုက်ခိုက်နေလျက်ရှိကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လက်ရှိ စစ်ကြောင်းအနေဖြင့် မြဝတီကို ပြန်လည်ရရှိရန် ထိုးဖောက်နိုင်မည်မဟုတ်သလို ကရင်ပြည်နယ်အတွင်း တပ်အင်အား မလုံလောက်မှုကြောင့် ရှမ်းပြည်နယ်ရှိ တပ်ဖွဲ့ဝင် အင်အားများကိုပါ အသုံးပြုလာရကြောင်း ကျားဖြူစစ်ကြောင်းမှူး ဗိုလ်ကျော်သက်က ကေအိုင်စီသို့ ပြောဆိုထားသည်။

အလားတူ  ပြီးခဲ့သည့် မေလ ၄ ရက်နေ့ကလည်း  စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ကြောင်းမှ တပ်မ ၅၅ လက်အောက်ခံ တပ်သား ၃ ဦးသည် လက်နက်နှင့်အတူ တောင်ပိုင်းတိုင်း အမှတ် ၃၁ ဗျူဟာထံသို့ အလင်းဝင် လာကြောင်းလည်း ကျားဖြူစစ်ကြောင်းက ဖော်ပြထားသည်။

လက်ရှိ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း KNU၏ ပြောခွင့်ရ ပဒိုစောတောနီးက ပြောဆိုထားသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...