မြဝတီမြို့နယ်ဒေသတဝိုက် အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သည့် နိုင်ငံခြားသားများ လာရာလမ်းအတိုင်း ထွက်ခွာရန် BGF သတိပေးစာထုတ်

မြဝတီမြို့နယ်ဒေသတဝိုက် အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သည့် နိုင်ငံခြားသားများ လာရာလမ်းအတိုင်း ထွက်ခွာရန် BGF သတိပေးစာထုတ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဒေသတဝိုက်နှင့် ရွှေကုက္ကိုလ်အပါအဝင် အွန်လိုင်း(Online) လုပ်ငန်းလုပ် ကိုင်နေကြသည့် နိုင်ငံခြားသားများအနေဖြင့် အောက်တိုဘာလကုန်နောက်ဆုံးထားပြီး မိမိလာရာလမ်းအတိုင်း ထွက်ခွာပေးကြရန် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF က မေလ(၃)ရက်၊ ယမန်နေ့တွင် သတိပေးစာ ထုတ်ပြန်လိုက်သည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အပါအဝင် ရွှေကုက္ကိုလ်ဒေသအတွင်းရှိ အွန်လိုင်း (Online)ငွေကြေးလိမ်လည်လုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအနေဖြင့် မေလ (၁)ရက်နေ့မှ စတင်ပြီး အောက်တိုဘာလ (၃၁)ရက်နေ့ နောက်ဆုံးထားကာ မိမိနေထိုင်ရာ နေရာမှတစ်ဆင့် လာရာလမ်းအတိုင်း ထွက်ခွာပေးရမည်ဖြစ်ကြောင်း BGF တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းက  ကေအိုင်စီသို့ ပြောသည်။

၎င်းက  “စာထုတ်တာက (၅)လအတွင်း ထွက်ခွာဖို့၊  အမိန့်ထုတ်တာဟုတ်တယ်။ အဓိကကတော့ တရုတ်တွေပေါ့ ၊ အွန်လိုင်းကိစ္စနဲ့ပတ်သက်ပြီး သူတို့အပေါ်ဝေဖန်မှုတွေ များတယ်။ ကျနော်တို့ကိုလည်း ပြည်သူတွေက တော် တော်ပြောကြတယ်။ အဲ့တာကြောင့် ဒီအွန်လိုင်းနဲ့ပတ်သက်ပြီး ရှင်းလင်းချင်လို့ စာထုတ်ရတာ ဖြစ်တယ်။ အခုက တော့ (၅)လပိုင်းတစ်ရက်နေ့ကစပြီး ထွက်ခွာပေးရမှာ ဖြစ်တယ်။ တရားဝင်လာနေတဲ့ သူတွေရော၊ တရားမဝင်လာတဲ့ သူတွေရော ထွက်သွားပေးရမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သတိပေးစာကြေညာချက်တွင် သတ်မှတ်ရက်ထက်ကျော်လွန်၍ နေထိုင်သော နိုင်ငံခြား သားများတွေ့ရှိပါက ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့မှ ထိရောက်စွာ အရေးယူအပြစ်ပေး ခြင်းခံရမည်ဟု ရေးသားဖော်ပြထားသော်လည်း မိမိနိုင်ငံသို့ ပြန်လည်နေထိုင်ရန် အဆင်မပြေသည့် နိုင်ငံခြား သားများကိုမူ နီးစပ်ရာဒေသများတွင် နေထိုင်နိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း ဗိုလ်မှူးစောတင်ဝင်းက ဆက်ပြောသည်။

“ တစ်ခါပြန်ရင် အယောက်(၂၀)၊(၃၀)နှုန်းနဲ့ လက်ရှိမှာတော့ ပြန်နေပြီး အရေးယူတဲ့ အပိုင်းနဲ့ပတ်သက်ပြီးကျတော့ သူတို့အတွက်လည်း ပြန်ကြည့်ပေးရမယ်။ တချို့သူတွေက သူတို့နိုင်ငံကို ပြန်နေဖို့အဆင်မပြေတဲ့ သူတွေလည်း ရှိတယ်။ သူတို့က ကိုယ့်ရဲ့နေရာမှာနေလို့မရတော့ အခြားနေရာမှာနေဖို့အတွက်လည်း ကြည့်ပေးရတယ်။ အနီး စပ်ဆုံး ထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ် နေလို့ရအောင် စီစဉ်ပေးရမှာ ပေါ့နော်။”ဟု ဗိုလ်မှူး စောတင်ဝင်းက ဆက်ပြော သည်။

မြဝတီမြို့နယ်နှင့် ရွှေကုက္ကိုလ်ဒေသအတွင်း အွန်လိုင်း(Online)လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားစုစုပေါင်း တစ်သောင်းဝန်းကျင်အထိရှိနေပြီး သတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်း မြို့နယ်အတွင်းမှ ထွက်ခွာသူများရှိနေပြီဖြစ်ကြောင်း BGF က ပြောဆိုသည်။

အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သည့် နိုင်ငံခြားသားများ ထွက်ခွါပေးရန် သတိပေးစာထုတ်ပြန်လိုက်သော်လည်း မြဝတီမြို့ မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင်မူ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပြန်လည်လည်ပတ်ရန် လူသစ်များထပ်မံခေါ်ယူမှုများ ပြုလုပ်နေသလို ရှမ်းပြည်နယ်ဘက်မှ လုပ်ငန်းရှင်တရုတ်နိုင်ငံသားအချို့ ပြန်လည် ဝင်ရောက်လာရှိသည်ဟု ဒေသခံများက ပြောဆိုကြသည်။

Most read this week

May 17, 2024
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို နယ်ခြားစာင့်တပ်-BGF တပ်က...
May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...