မြဝတီကို ပြည်သူ့လက်ထဲသို့ အသာတကြည် အပ်နှံပါ

မြဝတီကို ပြည်သူ့လက်ထဲသို့ အသာတကြည် အပ်နှံပါ

မောင်ကျော်စွာ — ဒီနှစ်ရက် သုံးရက်အတွင်း မြဝတီမြို့နဲ့ပတ်သက်တဲ့သတင်းတွေက ဆိုရှယ်မီဒီယာပေါင်းစုံမှာ နာရီတိုင်းနီးပါး တက်နေတာပါ။ သေနတ်သံလို့သာ ရေးလိုက်ပေမယ့် တကယ်တော့ လေယာဉ်ပျံနဲ့ ဗုံးကြဲချတဲ့ အသံ၊ အမြောက်ကြီးများ ပစ်ခတ်ပေါက်ကွဲတဲ့အသံ၊ လက်နက်ငယ်သံ စတဲ့ အသံတွေနဲ့ မြဝတီမြို့ဟာက ဧပြီ နွေနေပူထဲမှာ ငရဲပွက်သလို ဆူပွက်နေတာပါ။

မြဝတီနဲ့မျက်နှာချင်းဆိုင်နေတဲ့ မြို့ဟာ ထိုင်းနိုင်ငံက မဲဆောက်မြို့ဖြစ်ပါတယ်။ မဲဆောက်ကနေ မြဝတီမြို့ ပတ်ဝန်းကျင်က သေနတ်သံတွေကို အတိုင်းသား ကြားနေရတာပါ။ တိတ်ဆိတ်သွားတတ်တဲ့ ညဉ့်နက်ပိုင်းနဲ့ လင်းအားကြီးအချိန်တွေမှာဆိုရင် သေနတ်သံတွေက ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားရ တတ်ပါတယ်။

မြဝတီမြို့ကို ထိန်းချုပ်ထားတဲ့ (စကစ) စစ်အုပ်စုရဲ့တပ်တွေဟာ တပ်ဖွဲ့စည်းပုံအရရော - စိတ်ဓာတ် ပိုင်းအရပါ ပျက်ပြားနေကြပါပြီ။ လက်နက်ချသူတွေဟာ ရာနဲ့ချီပြီးရှိနေတာပါ။ ဒီတပ်ထဲမှာဆက်နေရင် သေရင်သေမယ်၊  မသေရင် သေရာပါဒဏ်ရာကြီးတွေ ရလိမ့်မယ်။ နာမည်လည်းပျက်မယ်ဆိုတော့ လက်အောက်ခံ တပ်ဗိုလ်တပ်သားအများစုဟာ လက်နက်ချတဲ့ နည်းလမ်းကိုပဲ အလွယ်တကူ ရွေးချယ် လျှောက်လှမ်းလာနေကြပါတယ်။ ဒီလို လက်နက်ချတဲ့နည်း၊ မိခင်တပ်ရင်းကို စွန့်ခွာတဲ့နည်းကို မြဝတီမှာရှိ တဲ့တပ်ကသာ ရွေးချယ်လာနေတာ မဟုတ်ဘူး။ စစ်မျက်နှာတိုင်းလောက်မှာရှိနေတဲ့ (စကစ)စစ်အုပ်စုရဲ့ ခါးပိုက်ဆောင်တပ်တွေက ရွေးချယ်လာနေကြတာပါ။ ဒီအချက်ဟာ (စကစ)စစ်အုပ်စုက ကြွားလုံးထုတ်နေ တဲ့ စတင်းဒတ်အာမီ(Standard Army)ဆိုတဲ့ တပ်ကြီးရဲ့ ဖုံးမရဖိမရတဲ့ တိုက်စိတ်ခိုက်စိတ် ပျက်ပြားနေမှုကြီး ပါပဲ။

(စကစ)စစ်အုပ်စုဟာ သူတို့ ကုပ်ခွစီးထားတဲ့ ခါးပိုက်ဆောင်တပ်ကြီးကို တိုက်စိတ်ခိုက်စိတ်တက်လာ စေဖို့ တပ်တွင်း ထမင်းစားပွဲတွေ ကျင်းပတဲ့နည်း - ဒဏ်ရာရတဲ့ တပ်ဗိုလ်တပ်သားတွေကို အပန်းဖြေစခန်း တွေ ကမ်းခြေတွေသို့ ပို့ဆောင်ပေးတဲ့နည်း - (စကစ)စစ်အုပ်စုစိတ်ကြိုက် ကပြအသုံးတော်ခံနေကြတဲ့ ရုပ်ရှင် သဘင်ဂီတက သရုပ်ဆောင်အဆိုတော် လူရွှင်တော်တချို့ကို သွားရောက်ဖြေဖျော်စေခြင်း၊ ရှေ့တန်းစစ်မျက် နှာများသို့ စားသောက်ဖွယ်ရာနဲ့ စာတိုစာရှည်တွေ ရေးပို့တဲ့နည်း စတဲ့ နည်းမျိုးစုံနဲ့ မန်းမှုတ်ကြည့်သော်လည်း ခါးပိုက်ဆောင်တပ်ကြီးအတွင်းမှာ တတိတိနဲ့ လှိုက်စားနေတဲ့ တိုက်စိတ်ခိုက်စိတ် ယိမ်းယိုင်ပျက်ပြားနေမှုကို ဘယ်လိုမှ ထိန်းသိမ်းလို့ မရပါဘူး။

အခုနောက်ဆုံးပေါ်နည်းလမ်းကတော့ တပ်သားသစ်လည်း ဆွဲပြီးသားဖြစ် - ခါးပိုက်ဆောင် တပ်တွင်း နဲ့ ပြည်သူတွေကို မျက်လှည့်ပြနိုင်မယ့် “ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေ” ဆိုတာတို့ကို ဖုတ်ပူ မီးတိုက် အသက်သွင်းပြီး ပြဋ္ဌာန်းလာပါတယ်။

ဒီလိုလုပ်လိုက်တော့မှပဲ နဂိုကတည်းက ပြည်သူလူထုက ခါးပိုက်ဆောင်တပ်ကြီးအပေါ် မုန်းတီးရွံရှာ နေမှုဟာ ပိုလို့ ပြင်းထန်ပြတ်သားလာပါတယ်။ “ပြည်သူ့စစ်မှုထမ်းဥပဒေ” ဆိုတာ အနှစ်သာရအားဖြင့် မိဘ ပြည်သူတွေရဲ့အရွယ်ရောက်ပြီး သားပျိုသမီးပျိုလေးတွေရဲ့ သွေးချွေးတွေနဲ့ (စကစ) စစ်အုပ်စုက ခြေဆေးဖို့ မိုက်မိုက်ကန်းကန်း ကြံစည်လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ လှည့်ဖြားပြီး အဓမ္မစစ်သားစုဆောင်းတဲ့နည်းပဲ ဖြစ်ပါတယ်။ ယိမ်းထိုးနေတဲ့ (စကစ)စစ်အုပ်စုရဲ့ အာဏာကို ထိန်းသိမ်းနိုင်ဖို့ ကြံမိကြံရာ လုပ်ဆောင်တာ လည်း ဖြစ်ပါတယ်။ မိဘပြည်သူတွေနဲ့ သူတို့ရဲ့သားသမီးတွေက ရနိုင်တဲ့နည်းလမ်းမှန်သမျှနဲ့ “ပြည်သူ့စစ်မှု ထမ်းဥပဒေ”ကို ရင်ဆိုင်ကျော်လွှားနေကြတာပါ။ မိဘပြည်သူတွေနဲ့ လူငယ်မျိုးဆက်သစ်တွေ သေချာ သဘောပေါက် နားလည်သွားတဲ့အချက်ကတော့ (စကစ)စစ်အုပ်စုဟာ သူတို့ကို ဒိုင်းသဖွယ် ဓားစားခံသဖွယ် သွေးအေးအေးနဲ့ ကြံစည်လုပ်ဆောင်နေတဲ့ အချက်ပါပဲ။ “အရန်တပ်ဖွဲ့ဥပဒေ” ဆိုတာလည်း စစ်မှုထမ်း ဆောင်ပြီးသားတွေကို ထပ်မံပြီး အဓမ္မစစ်မှုထမ်းစေတာပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပေါ်တာဆွဲနည်း တစ်မျိုးပါပဲ။

အဲဒီလို “ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေ” ပြဋ္ဌာန်းလိုက်တာကပဲ စစ်အုပ်စုအဆက် ဆက် ကုပ်ခွစီးလာခဲ့တဲ့ စစ်တပ်ကြီးဟာ ယိမ်းယိုင်နေပြီ ချိနဲ့နေပြီဆိုတာကို ဝန်ခံဖော်ပြလိုက်တဲ့သဘောပါပဲ။

ဒီအချိန်မှာ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေဟာ သူတို့တပ်ဖွဲ့တွေကို တုံးဆိုတိုက် ကျားဆိုကိုက် ဆိုသလို ထိထိမိမိ တိုက်ခိုက်ကြရမှာပါ။ သူတို့ဘက်က ကျားကုတ်ကျားခဲ ခုခံကာကွယ်တယ်ဆိုတာ မရှိသလောက်ပဲရှားနေပါပြီ။ လေယာဉ် ပစ်ကူနဲ့လက်နက်ကြီးပစ်ကူသာ အချိန်မီရောက်မလာဘူးဆိုရင် သူတို့အတွက် လုပ်စရာက လက်နက်စွန့် စခန်းစွန့်ပြီး တစ်ဖက်နိုင်ငံတွေ (ဘင်္ဂလားဒေ့ရှ် - တရုတ် - ထိုင်း) ထဲကို ဝင်ပြေးကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးထံမှာ လက်နက်ချဖို့ ပဲရှိပါတယ်။

နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြဝတီမြို့ဟာ နေ့လားညလား အသက်ထွက်တော့မဲ့ လူမမာလို မျော့မျော့ပဲ ကျန်ပါတော့တယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့အတူ ပူးတွဲ တိုက်ခိုက်နေတဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခြေခံသဘောထားကို ခန့်မှန်းကြည့်မိသလောက် တော့ မြဝတီမြို့ကို ထိခိုက်နာကျင်မှု အနည်းဆုံးနဲ့ လက်ဝယ် သိမ်းပိုက်ရရှိနိုင်ဖို့ပါပဲ။ ထိခိုက်နာကျင်မှု အနည်းဆုံးဆိုတာ မြဝတီမြို့ခံပြည်သူများနဲ့ပြည်သူများ ပိုင်ဆိုင်တဲ့ အိုးအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စာသင်ကျောင်း၊ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ မထိခိုက်၊ မပျက်စီးစေလို တဲ့ ဆန္ဒပါပဲ။

သို့သော်လည်း (စကစ)စစ်အုပ်စုက “မစားရတဲ့အမဲ သဲနဲ့ပက်တတ်တယ်” မဟုတ်လား။ “မင်းသား ကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်ပစ်မယ်” ဆိုတဲ့ ဓလေ့စရိုက်ဉာဉ်အပြည့်နဲ့ အကြမ်းဖက် ရမ်းကားလေ့ရှိ သူတွေ မဟုတ်ပါလား။ ဒီလို ခါးပိုက်ဆောင်တပ်ရဲ့ အကျင့်စရိုက်တွေကို တွေ့ကြုံခံစားဖူးထားတဲ့ ဒေသခံ ပြည်သူတွေတော့ တစ်ဖက်ကမ်းက မဲဆောက်မြို့ကို ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေကြပါတယ်။ (စကစ)စစ်အုပ်စုကလည်း မြဝတီမြို့ကို စိစိညက်ညက်ကျေအောင် ဗုံးကြဲပစ်မယ်ဆိုတဲ့ တီးတိုးဝါဒဖြန့်မှုက လည်း ပြည်သူတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ် မဟုတ်ပါလား။ မလုပ်ရဲတာ ဘာမှမရှိဘူး လူမဆန်တာမှန်သမျှ အကုန်လုပ်ဝံ့တဲ့ (စကစ)စစ်အုပ်စုအကြောင်းကို သိထားတဲ့ မြဝတီမြို့နဲ့ အနီးပတ်ဝန်း ကျင်က ဒေသခံပြည်သူတွေကတော့ ဘေးဆီးရန်ကာသဘောနဲ့ မြဝတီမြို့ကို စွန့်ခွာနေကြပါတယ်။

ဒါကြောင့် မြဝတီမြို့နဲ့ပတ်ဝန်းကျင်မှာ (စကစ)စစ်အုပ်စုရဲ့ အမိန့်ညွှန်ကြားချက် ဆက်လက်နာခံပြီး ခေါင်းမာမာနဲ့ ခုခံနေသူတွေဟာ ဒေသခံပြည်သူတွေရဲ့ အဖက်ဖက်အခြေအနေကို ထောက်ထားပြီး တော်လှန် ရေးတပ်ဖွဲ့တွေဆီမှာသော်လည်းကောင်း သို့တည်းမဟုတ် တစ်ဖက်ထိုင်းနိုင်ငံက ဒေသဆိုင်ရာ အာဏာပိုင် များထံမှာသော်လည်းကောင်း ဘေးကင်းစွာ ခိုလှုံကြစေချင်ပါတယ်။

ဒီလိုလုပ်တာကို ခင်ဗျားတို့တတ်နိုင်တဲ့နည်းနဲ့ ပြည်သူတွေရဲ့မျက်နှာကို စာနာထောက်ထားတဲ့လုပ် ရပ်ကောင်းဖြစ်တယ်လို့ ကျနော်တို့ ရှုမြင်သဘောထားနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ပြည်သူကို ရှေ့ရှုတဲ့နည်း လမ်းဖြစ်ပါတယ်။ ပြည်သူမနာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို အမြန်ဆုံး ရွေးချယ်ကြစေဖို့ တိုက်တွန်း ပန်ကြားလိုက်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ (စကစ)စစ်အုပ်စုရဲ့ အမိန့်ညွှန်ကြားချက်ကိုပဲ မိုက်မိုက်ကန်းကန်း လိုက်နာလုပ် ဆောင်မယ်ဆိုရင်တော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့အတူ ပူးတွဲတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ချေမှုန်းတာကို မရှုမလှ ခံကြရပါလိမ့်မယ်။

ဒါကြောင့် မြဝတီမြို့ကို မှဲ့တစ်ပေါက်မှ မစွန်းထင်းစေဘဲ တော်လှန်ရေးနှင့် ပြည်သူများလက်သို့ အသာတကြည် အပ်နှံလိုက်ပါလို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါရစေ။

Photo: Crd.

Most read this week

April 27, 2024
စအိုင်ဆူး - “မိုးလင်းရင် (ရိတ်ထားသည့်စပါးများ)ချွေမယ်ဆိုပြီး အစာပြေစားနေကြတာ။ အစာပြေစားလို့တောင်...
Photo: KIC
April 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့အဝင်ကို ဧပြီလ ၂၅ ရက်၊ ယမန်နေ့မှစ၍...
April 26, 2024
ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားအမှတ် (၂) နေရာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး  သားလွတ်...
April 26, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ရပ်နားထားသည့်...