KIA သတိပေးထားတဲ့နောက်ဆုံးရက်မတိုင်မှီ လွယ်ဂျယ်စစ်တပ်တရုတ်သို့ထွက်ပြေး

KIA သတိပေးထားတဲ့နောက်ဆုံးရက်မတိုင်မှီ လွယ်ဂျယ်စစ်တပ်တရုတ်သို့ထွက်ပြေး

ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီးတဲ့ လွယ်ဂျယ်မြို့မှာနောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်များတရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားပြီလို့ ဒေသခံတွေပြောပါတယ်။

တရုတ်မပစ်ခိုင်းလို့ လွယ်ဂျယ်တပ်တွင်းမှာကျန်ရှိနေတဲ့ စစ်သားတွေကို ဧပြီလ ၉ ရက်နေ့မတိုင်မှီထွက်ဖို့ KIA က သတိပေးထားပြီး နောက်ဆုံးရက်မတိုင်ခင် ဧပြီလ ၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ တပ်စခန်းတစ်ခုလုံးစွန့်ခွာသွားကြတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“စစ်သားတွေကို မနေ့ကနောက်ဆုံးထွက်ဖို့ သတိပေးထားတယ်။ မထွက်ရင် ပစ်မယ်ဆိုပြီး KIA က အင်အားတွေ ထပ်တိုးထားပြီးတော့ ဝိုင်းရံထားတာဟုတ်တယ်။ သူတို့ဘက်ကလည်း ကြောက်လာလို့ထင်တယ်။ မနေ့ညက အကုန်ထွက်သွားကြပြီ”လို့ပြောပါတယ်။

စစ်အင်အား ၆၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ တရားဝင်နယ်စပ်ဂိတ်တရားဝင်ပင်မတံခါးပေါက်ကနေ ထွက်ခွာသွားတာမဟုတ်ဘဲ တခြားထွက်ပေါက်အသေးကနေ ထွက်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ထွက်ခွာသွားပြီးတဲ့နောက် ညတွင်းချင်းမှာပဲ KIA တပ်တွေက လွယ်ဂျယ်တပ်စခန်း ခလရ ၁၄၂ စခန်းကနေဝင်ရောက်နိုင်ခဲ့ပြီး တပ်တွင်းမှာရှိတဲ့စစ်လက်နက်အားလုံး သယ်ယူသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီလ ၉ ရက်နေ့မှာ KIA တပ်တွေသိမ်းပိုက်ထားပြီဖြစ်တဲ့ လွယ်ဂျယ်စစ်တပ်စခန်းတစ်ခုလုံးကို မိုင်းရှင်းလင်းရေးလုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် လွယ်ဂျယ်မြို့တစ်ခုလုံး KIA ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိသွားပြီလို့ လွယ်ဂျယ်မြို့ ဒေသခံအမျိုးသားတစ်ယောက်က ခုလိုပြောပါတယ်။

“အခုက လွယ်ဂျယ်မြို့တစ်ခုလုံး စစ်တပ်မရှိတော့ဘူးလို့ ပြောလို့ရပြီ။ မြို့တစ်ခုလုံးကို KIA က ထိန်းချုပ်လိုက်ပြီ။ ထိန်းချုပ်ထားတယ်ဆိုတာထက်သိမ်းပိုက်ထားပြီတဲ့ မြို့ဖြစ်ပြီလို့ဆိုလို့လည်းရပြီ”လို့ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ၁၀ ရက်ကျော်လောက်အကြာ တပ်စခန်းအတွင်းပုန်းခိုနေတဲ့ တပ်စခန်းဟာ Fun Family စက်သုံးဆီရောင်ဝယ်ရေးကပ်ရပ်မှာရှိတဲ့ တပ်စခန်းဖြစ်သလို အဲဒီတပ်စခန်းက လွယ်ဂျယ်မြို့ထဲက အကြီးဆုံးတပ်စခန်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတပ်စခန်းကို ပြီးခဲ့တဲ့ ၁၉၈၇ ခုနှစ်ကတည်းက လွယ်ဂျယ်မြို့ကို ထိန်းချုပ်ဖို့ အထိုင်ချထားတဲ့ တပ်စခန်းကြီးဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်အကြာမှာ KIA က သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

လွယ်ဂျယ်မြို့ကို KIA တပ်တွေက မတ်လကုန်းပိုင်းကနေ သိမ်းပိုက်ဖို့ကြိုးစားနေပေမယ့် တရုတ်အစိုးရက နယ်စပ်ဒေသမှာ ပစ်ခတ်တာတွေမလုပ်ဖို့ ဖိအားပေးပြောနေတာကြောင့် KIA က လက်နက်သံမထွက်ဘဲ သိမ်းယူဖို့ ကြိုးစားနေတာဖြစ်တယ်။

မတ်လ ၄ ရက်နေ့မှာတော့ လွယ်ဂျယ်မြို့တွင်း စစ်ကောင်စီလက်အောက်မှာ လည်ပတ်နေတဲ့ အစိုးရရုံးတွေကို KIA ဘက်က ချိတ်ပိတ်လိုက်ပြီး အစိုးရအလံတွေကို လိုက်လံဖြုတ်သိမ်းလိုက်တာဖြစ်ပါတယ်။

ခုလို လွယ်ဂျယ်မြို့ကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် KIA တပ်တွေက မတ်လ ၂၇၊ ၂၈ နှစ်ရက်ဆက်တိုက် လွယ်ဂျယ်မြို့ ပတ်ပတ်လည်ရှိတဲ့ ယော်ယုံဘွမ့်၊ မဒါဘွမ့် ဗျူဟာမြောက်တပ်စခန်း ၂ ခုအပါ ရှေ့တန်းတပ်စခန်းငယ် ၅ ခုလောက်ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Most read this week

May 1, 2024
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့...
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲံ KIA တပ်ဖွဲ့ဝင်များ
April 29, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က...
ဖေဖော်ဝါရီ ၉ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်း ရွာက ဆေးရုံဆေးခန်း
April 29, 2024
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့်...
April 24, 2024
ဖားကန့်မြို့ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၂၃ ရက်နေ့ ည ၁၂...