ကျွန်းကုန်းရွာမှာပိတ်မိနေတဲ့ SNA နဲ့စစ်သားတွေကို ကယ်ထုတ်ဖို့ စစ်တပ်ဘက်က ၅ ရက်တွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ရှိ

ကျွန်းကုန်းရွာမှာပိတ်မိနေတဲ့ SNA နဲ့စစ်သားတွေကို ကယ်ထုတ်ဖို့ စစ်တပ်ဘက်က ၅ ရက်တွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ရှိ

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာထဲမှာပိတ်မိနေတဲ့ SNA စစ်သားတွေနဲ့ စစ်ကောင်စီစစ်သားတွေကို ကယ်ထုတ်ဖို့အတွက် စစ်တပ်ဘက်က ကျွန်းကုန်းအနီးဝန်းကျင်တွေကို ၅ ရက်ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေတာကြောင့်  အရပ်သားထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။

ဧပြီလ ၁ ရက်နေ့ ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတွေပိတ်စို့တိုက်ခိုက်မှုကြောင့် လက်ရှိကျွန်းကုန်းကျေးရွာထဲမှာရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၇၅၃ တပ်နဲ့ တောင်တွတ်ဘက်ကဆင်းလာတဲ့စစ်ကောင်စီစစ်သားတွေနဲ့  ပျူစောထီးတွေစုစုပေါင်း အင်အား ၂၀၀ ကျော်ပိတ်မိနေတာဖြစ်ပြီး ဒီအဖွဲ့တွေကိုကယ်ထုတ်ဖို့ စစ်တပ်က ကျွန်းကုန်းနဲ့ မနောသာကျေးရွာတွေကို ၅ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတယ်လို့ ဟုမ္မလင်းPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

“ဟုမ္မလင်း ဖောင်းပြင်နယ်စပ်က ဟုမ္မလင်းထဲက ကျွန်းကုန်းကို ၃၀ ရက်နေ့ကစတိုက်ခဲ့တာ အခုဆိုရင် ၇ရက်ရှိနေပြီ အဲ့ထဲမှာရဲဘော် ၅ ယောက်ထိပြီး တစ်ယောက်ကျတယ်။ ပြည်သူခြောက်ယောက်ထိတာတစ်ယောက်သေတယ်ဗျ ဟုမ္မလင်းကတက်တဲ့ MI 2 နဲ့ပစ်တဲ့ဟာက ရဲဘော်လေးယောက်ထိတာ တစ်ယောက်ကျတယ် တံတားဦးကတက်လာတဲ့ဂျက်ဖိုက်တာနဲ့က ပြည်သူခြောက်ယောက်ထိပြီးတစ်ယောက်သေတာ”လို့သူကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျွန်းကုန်းထဲပိတ်မိနေတဲ့အဖွဲ့တွေကိုကယ်ထုတ်ဖို့ ဧပြီ ၁ ရက်နေ့က ဂျက်ဖိုက်တာတစ်စီးနဲ့ တစ်ရက်တည်း ၃ ကြိမ်၊ ဧပြီ ၂ ရက်နေ့က ဟုမ္မလင်း လေတပ်က MI 2 နဲ့ ၃ ကြိမ်၊ ဧပြီ ၃ ရက်နေ့ကလည်း တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၃ ကြိမ်၊ မနေ့က MI 2 နဲ့ ၄ ကြိမ်နှင့် ဒီကနေ့ ၁၂ နာရီ အချိန် မွာ MI 2 နဲ့နှစ်ကြိမ် ဂျက်ဖိုက်တာနဲ့တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ၅ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်အထိပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဟုမ္မလင်းPDF ထဲက ရဲဘော်တစ်ဦးနှင့်  ကျွန်းကုန်းကျေးရွာထဲ အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်လည်းသေဆုံးခဲ့တဲ့ အပြင်နေအိမ်တွေလည်းထိခိုက်ပျက်စီးတာတွေရှိသွားတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ တာဝန်ရှိသူ ကဆက်ပြောပါတယ်။

“အဓိကတိုက်ခိုက်တာတော့မနောသာနဲ့ကျွန်းကုန်းများတယ်ဗျ ရွာချင်းဆက်ထားတာဆိုတော့ သူတို့အများဆုံးပစ်တာကရွာထဲတွေပဲဗျနေအိမ်တွေဘာတွေထိခိုက်ပျက်စီးမှုကတော့ ကျွန်တော်တို့စာရင်းအတိအကျမရသေးဘူးဗျ ခြေမှုန်းရေးဝင်နေတုန်းဆိုတော့ မြေပြင်သတင်းယူလို့မရသေးဘူးဗျ အိမ်တွေပျက်စီးမှုကတော့ရှိတယ်ဗျ မနည်းဘူး မီးလောင်တာမျိုးတော့မရှိသေးဘူး”လို့သူကဆက်ပြောပါတယ်။

ကျွန်းကုန်းကျေးရွာကိုပိတ်စို့တိုက်ခိုက်နေတဲ့ အဖွဲ့တွေဟာ ခန္တီးခရိုင် တပ်ရင်း ၁၊တပ်ရင်း ၂၊ တပ်ရင်း ၃၊ ဖောင်းပြင်ခရိုင်တပ်ရင်း ၁ အပြင်အခြား ဟုမ္မလင်း အခြားPDF တွေလည်းပါဝင်ပြီး ဧပြီ ၁ရက်နေ့ကလည်းSNAနဲ့ စစ်ကောင်စီစစ်သားတွေတပ်ထိုင်ထားတဲ့ မနောသာကျေးရွာနဲ့ အင်ကြင်းမော်ရွာတို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်က ကျွန်းကုန်းလက်မလွတ်ရေး လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် ကုန်းကြောင်းနေကလည်း ဟုမ္မလင်း၊ ကသာ စတဲ့မြို့နယ်တွေဘက်ကနေစစ်သားအင်အား အများအပြားနဲ့စစ်ကူတွေပို့နေတယ်လို့သိပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ PDF မဟာမိတ်ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲနှင့်စခန်းသိမ်းတိုက်ပဲတွေကို ၂၀၂၃ ခုနှစ် ကတည်းက ဆင်နွဲခဲ့တာဖြစ်ပြီး လက်ရှိ ရွှေပြည်အေးမြို့၊လွှစင်ကုန်းရွာတွေကိုထိန်းချုပ်ထားတဲ့အပြင် စစ်ကောင်စီတပ်နဲ့ SNA တပ်စခန်းအများအပြားကိုလည်းသိမ်းပိုက်ရရှိထားပြီလို့သိရပါတယ်။

May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...
May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...
May 2, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို...