စစ်ရေးစီမံချက် အခိုင်အမာချပြီး စစ်ကောင်စီ ချေမှုန်းရေးကို အရှိန်မြှင့်တင် ဆောင်ရွက်မည်ဟု CDF - မင်းတပ်ထုတ်ပြန်

စစ်ရေးစီမံချက် အခိုင်အမာချပြီး စစ်ကောင်စီ ချေမှုန်းရေးကို အရှိန်မြှင့်တင် ဆောင်ရွက်မည်ဟု CDF - မင်းတပ်ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယခုနှစ် ၂၀၂၄ အတွင်း စစ်ရေးစီမံချက်များ အခိုင်အမာချမှတ်ပြီး စစ်ကောင်စီ ချေမှုန်းရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်ကပြောဆိုသည်။

မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကို စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်နှင့် လေကြောင်းတိုက်ခိုက်မှုများကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် (၁၀) ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း CDF မင်းတပ်က ဧပြီလ ၂ ရက်မှာ ထုတ်ပြန်သည်။

CDF - မင်းတပ် ထိန်းချုပ်နယ်မြေအတွင်း ပြည်သူလူထု စည်းလုံးညီညွတ်ရေး ပျက်ပြားစေရေးအတွက် နိုင်ငံရေးနှင့် စစ်ရေး အရဖြစ်စေ၊ စည်းရုံးလှုံ့ဆော်မည့် မည်သည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမဆို အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး CNC - မင်းတပ်ကို ပိုမိုကျစ်လစ်ခိုင်မာလာရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံ၏ ဆုံးဖြတ်ချက် (၁၀) ချက်နှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းရင် CDF - မင်းတပ် တာဝန်ရှိသူများထံ ဆက်သွယ် သော်လည်း မရေသေးပေ။

ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် ချင်းပြည်သူ အားလုံး သဘောတူလက်ခံနိုင်မည့် ဖက်ဒရယ်အစိုးရ ပေါ်ပေါက်ရေး ချင်းညီနောင်နှင့်အတူ စစ်ရေး၊ နိုင်ငံရေးမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် အထွေထွေညီလာခံတွင် သဘာပတိ၊ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဒေသမှူး၊ စီမံညွှန်ကြားရေးမှူး၊ ဌာနမှူးများ၊ ဗျူဟာမှူးများ၊  တပ်ရင်း ၆ ရင်းရှိ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများနှင့် ဗဟိုကာကွယ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း/ပြည်ပရှိ တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထုများက ယနေ့အချိန်အထိ အင်အားတောင့်တင်း ခိုင်မာလာ စေရေးအတွက် တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ပေးမှုအပေါ် များစွာ ကျေးဇူးတင်ရှိကြောင်း CDF -မင်းတပ်က ထုတ်ပြန်ထားသည်။

CDF - မင်းတပ်သည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဧပြီလ ၂၄ ရက်မှစတင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန် နေသည့် ချင်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...