မိုးမောက်မှာ စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူအားလုံးနီးပါးတိမ်းရှောင်

မိုးမောက်မှာ စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူအားလုံးနီးပါးတိမ်းရှောင်
စစ်ရေးတင်းမာမှုဖြစ်ပေါ်နေတာကြောင့် မိုးမောက်ဒေသခံများထွက်ပြေးတိမ်းရှောင်နေ
စစ်ရေးတင်းမာမှုဖြစ်ပေါ်နေတာကြောင့် မိုးမောက်ဒေသခံများထွက်ပြေးတိမ်းရှောင်နေ

ဗန်းမော်ခရိုင် မိုးမောက်မြို့ဒေသခံအားလုံးနီးပါး စစ်ရှောင်နေကြပြီဖြစ်ပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော့ KIA တို့အကြား မြို့တွင်းစစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးမောက်မြို့သိမ်းတိုက်ပွဲဖြစ်ပွားလာမယ့်အခြေနေကြောင့် မြို့ခံတွေဟာ အိမ်စောင့်လောက်သာကျန်ခဲ့ပြီး အားလုံးဘေးလွတ်ရာတွေဆီ တိမ်းရှောင်သွားပြီလို့ မိုးမောက်ဒေသခံတွေပြောပါတယ်။

“မိုးမောက်က ပြည်သူအားလုံးရှောင်ပြီ။ စိန်လုံစစ်တပ်ကိုသိမ်းလိုက်ပြီဆိုတော့ အဲဒီစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးယူပြီး လာကြိုပုံရတယ်။ ဒီမနက်တော့ မိုးမောက်မြို့မစျေးမှာ စစ်သားတွေအပြည့်ဟုတ်တယ်။ မြို့ခံတွေက အိမ်စောင့်တစ်ယောက်တစ်လေပဲကျန်တော့တယ်။ ရှောင်ကုန်ပြီ။” ဟု မိုးမောက်ဒေသခံကပြောပါတယ်။

ဧပြီလ ၁ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာတော့ ဗန်းမော်နဲ့ မိုးမောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားမြောက်အများနဲ့ မိုးမောက်မြို့တွင်း အပြည့်နေရာယူကာ လွယ်ဂျယ်၊ စိန်လုံဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးယူပေးခဲ့ကြောင်း သိရပါတယ်။

မိုးမောက်မြို့ဒေသခံတွေကတော့ မိုင်ကုန့်( Maikung) ၊ ရှစ်ခိုး( Shithku) ၊ ဒိန်ဆင်းပါ( Dingsing Pa) ၊ အင်ဘာပါ ( Nba Pa) စတဲ့  နီးစပ်ရာ ကျေးရွာတွေက ဆွေမျိုးအိမ်တွေဆီ၊ တချို့ကတော့ တောတောင်တွေထဲ တိမ်းရှောင်နေကြတယ်လို့ သိရပြီး အများပိုင်းကတော့ ကျခန့်ဒပ်ကျေးရွာ နဲ့ မြစ်ကြီးနားဘက်သွားလမ်း လဂျားယန်ဘက် နေရာသတ်မှတ်ထားပြီး စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုးမောက်နဲ့ လွယ်ဂျယ်ကြားက စိန်လုံစစ်ကောင်စီဗျူဟာကုန်းကြီးကို သိမ်းပိုက်ပြီး မိုးမောက်ဘက် ထိုးစစ်ဦးတည်လာနေတာကြောင့် ဧပြီ ၁ ရက်နေ့ ဒီနေ့မှာပဲ မိုးမောက်ဒေသခံအားလုံးနီးပါး တိမ်းရှောင်တာလို့ ဆိုပါတယ်။

“စိန်လုံကိုသိမ်းပြီးပြီဆိုတော့ အခုက မိုးမောက်နဲ့ လွယ်ဂျယ်ကြား ကုန်ပြီလေ။ ဒီဘက် ဗန်းမော် ၊ မံစီ၊ မိုးမောက်ပဲကျန်တာ။ ဒီဘက်ကို ဦးတည်နေပြီ။ ဒါကြောင့် ဒီဘက်ဖြစ်ရင်တော့ ရှောင်ရမှာပဲဆိုတော့ အခုအားလုံးနီးပါး တိမ်းရှောင်ပြီ။ အိမ်လည်းမစောင့်လို့မရပြန်ဆိုတော့ တချို့အိမ်စောင့်ပဲကျန်တော့တယ်”ဟု နောက်ထပ် မိုးမောက်ဒေသခံတစ်ဦးပြောပါတယ်။

လက်ရှိမှာ မိုးမောက်မြို့တစ်ဝိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က နေရာယူလိုက်ပြီဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာနေကြောင်း သိရပါတယ်။

မိုးမောက်နဲ့ လွယ်ဂျယ်ကြား စစ်ကောင်စီရဲ့အရေးပါတပ်စခန်းကြီးတွေဖြစ်တဲ့ ယောယုံ၊ မဒါဘွမ်၊ စိန်လုံ စတဲ့စခန်းတွေနဲ့ အတူ စခန်းပေါင်း ၁၀ ကျော် KIA ဘက်က သိမ်းပိုက်လိုက်ပြီဖြစ်တာကြောင့် မိုးမောက်နဲ့ လွယ်ဂျယ်ကြား စစ်တပ်စခန်းမရှိတော့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဗန်းမော်၊ မိုးမောက်နဲ့ မံစီမြို့ဘက်က စစ်တပ်စခန်းတွေသာကျန်နေပြီဖြစ်တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကလည်း ဗန်းမော်ဘက်ကို စစ်ရေးဦးတည်နေတာဖြစ်ပါတယ်။

May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...
May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...
May 2, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို...