ဆွမ်ပရာဘွမ်တိုက်ပွဲ ရက်ပေါင်း ၂၀ ကျော်ကြာလာပေမယ့် စခန်းသိမ်းနိုင်ခြင်းမရှိသေး

ဆွမ်ပရာဘွမ်တိုက်ပွဲ ရက်ပေါင်း ၂၀ ကျော်ကြာလာပေမယ့် စခန်းသိမ်းနိုင်ခြင်းမရှိသေး
ဆွမ်ပရာဘွမ့်မြို့အဝင်
ဆွမ်ပရာဘွမ့်မြို့အဝင်

ကချင်ပြည်နယ် မြောက်ဖျားပိုင်းတစ်ခုလုံးမှာအကြီးဆုံးတပ်စခန်းဖြစ်တဲ့ ဆွမ်ပရာဘွမ်မြို့နယ်က ခလရ ၄၆ စစ်ကောင်စီတပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ရိက္ခာပြတ်လပ်နေကြပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

တိုက်ပွဲစတင်လာတဲ့နေ့ကစပြီး မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းကို KIA ပူးပေါင်းတပ်ပိတ်ပင်ထားတာ ခုဆိုရင် ရက်ပေါင်း ၂၀ ရက်ကျော်ရှိမြင့်လာချိန် စစ်တပ်အတွက် ရိက္ခာပြတ်လပ်လာတဲ့အခြေနေကြုံနေရ ပြီဖြစ်တယ်လို့ မတ်လ ၂၇ ရက်နေ့ထိ ဆွမ်ပရာဘွမ်တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ယောက်ကအခုလိုပြောပါတယ်။

“သူတို့က ကတုတ်ကျင်းကို လိုဏ်ဂူလိုအခိုင်အမာဆောက်ပြီးနေနေတာကြောင့် ခက်နေသေးတယ် လေယာဥ်နဲ့က ပြန်လာပစ် သူတို့က အထဲမှာပဲအခိုင်အမာနေရာယူထားတာဆိုတော့ခက်နေတယ် ဒီစခန်းကိုမရရအောင်သိမ်းဖို့ရည်ရွယ်ချက်နဲ့တိုက်နေတယ် သူတို့ ဒီစခန်းမှာ အင်အားတော့သိပ်မရှိ တော့ဘူး ရိက္ခာတွေလည်းပြတ်နေပြီလို့သိရတယ် လေယာဥ်ကပဲလာချတာပဲလုပ်နေတယ် လေယာဥ်နဲ့ပဲ အဓိကထားပြီးလာပစ်နေတယ် ဒီစခန်းထဲမှာရှိနေတဲ့ စစ်သားတွေကလည်း ငတ်ပြတ် နေကြပြီ သူတို့အထက်အမိန့်မရတာကြောင့်ပဲ လက်မလွှတ်တာတစ်ခုပဲရှိတော့တယ်” လို့ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေအကြား ကျဆုံးမှုတွေလည်းများနေတယ်လို့သိရသလို တပ်စခန်းအတွင်း စစ်ကောင်စီဘက်က အင်အား ၉၀ ဝန်းကျင်ရှိနေသေးတယ်လို့ဆိုပါတယ်။ ဒီစစ်တပ်စခန်းကို  KIA နဲ့ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေတာ ရက်ပေါင်း ၂၀ နီးပါးကြာမြင့်လာပြီ ဖြစ်ပြီး တိုက်ပွဲစဖြစ်တဲ့ မတ်လ ၉ ရက်နေ့တည်းက ထွက်ပြေးနေရတဲ့ ဆွမ်ပရာဘွမ်ဒေသကအရပ်သားတွေဟာလည်း အခက်အခဲများစွာကြုံနေရပါတယ်။

ထွက်ပြေးနေရသူတွေထဲ ကိုယ်ဝန်ဆောင်၊သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေကအများဆုံး ဖြစ်ပြီး  အကူညီ တစ်စုံတစ်ရာမရရှိကြဘူးလို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

“ကျနော်တို့လည်းအခက်အခဲတွေကအများကြီးပါပဲ ဆန်လည်းမလုံမလောက်ဖြစ်နေတယ် ပြီးတော့ မိုးကလည်းရွာတော့ နေစရာလည်းအခက်ဖြစ်တယ် ကလေးနဲ့အသက်ကြီးတဲ့သူက အများကြီးဆိုတော့ အခက်အခဲကအများကြီးပါ။ အကူညီဆောင်ရွက်ပေးတာကလည်း မရှိသလောက်ပါပဲ အကူညီကတော့ကောင်းကောင်းဘာမှမရသေးပါဘူး” လို့ပြောပါတယ်။

တစ်ဖက်မှာ ကြာမြင့်လာတဲ့တိုက်ပွဲနဲ့အတူ တောင်ထဲတောင်ထဲ ဖြစ်သလိုပဲနေထိုင်နေရတဲ့ စစ်ရှောင်တွေဟာ နာမကျန်းဖြစ်တာတွေပါရှိလာတဲ့အတွက် ဆေးဝါးအကူညီတွေပါ လိုအပ်နေပြီလို့ဆိုပါတယ်။

အခုလို KIA ဘက်ကလည်း နေ့စဥ်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ခလရ ၄၆ တပ်ရင်းဟာ ဆွမ်ပရာ ဘွမ်မြို့ရဲ့ တစ်ဝက်လောက်ထိကြီးမားတဲ့ တပ်ရင်းကြီးဖြစ်ပြီး မြစ်ကြီးနား–ပူတာအိုလမ်းမကြီး ပေါ်ရှိတဲ့ တပ်ရင်းကြီးလည်းဖြစ်တဲ့အတွက် စစ်ရေးအရ အရေးကြီးတဲ့တပ်စခန်းကြီးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီ ဆွမ်ပရာဘွမ် ခလရ ၄၆ တပ်ရင်းကိုတော့ ပူတာအိုကနေ တိုက်ရိုက်ကွပ်ကဲပြီး ဆွမ်ပရာဘွမ် အထက်ဘက် ကားနဲ့ဆို ၄ နာရီလောက်သွားရတဲ့ မချမ်းဘော့မြို့နယ်ထဲ က စစ်ကောင်စီတပ်စခန်း တစ်ခုက စစ်ကောင်စီတပ်သားတွေလည်း ပူတာအိုဘက် စခန်းစွန့်ခွာသွားကြတယ်လို့ သိရပါ တယ်။

တစ်ဖက်မှာ ဆွမ်ပရာဘွမ်တိုက်ပွဲကြောင့် မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းကို KIA နဲ့ပူးပေါင်းအဖွဲ့က ပိတ်ထားတဲ့ အတွက် ပူတာအိုဒေသဘက်ကိုပါ တိုက်ပွဲအရှိန်ကရိုက်ခတ်လာပြီး စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တချို့ ပြတ်လပ်စပြုလာပြီလို့ ပူတာအိုဒေသခံတွေကပြောပါတယ်။

မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းနဲ့အရှိန်မြင့်တက်နေပြီး ရက်ပေါင်း ၂၀ ကျော်အတွင်း စခန်းကြီးငယ် ၄၀ ကျော်သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...
May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...