မူဆယ်က ကျားဖြန့်လုပ်ငန်းတွေ ဝင်ရောက်စီးနင်း ခံရပြီး တရုတ်နိုင်ငံသား အပါအဝင် လူဦးရေ ၇၀၀ နီးပါး ဖမ်းဆီးခံထားရ

မူဆယ်က ကျားဖြန့်လုပ်ငန်းတွေ ဝင်ရောက်စီးနင်း ခံရပြီး တရုတ်နိုင်ငံသား အပါအဝင် လူဦးရေ ၇၀၀ နီးပါး ဖမ်းဆီးခံထားရ
မူဆယ်မြို့တွင်းပုံ
မူဆယ်မြို့တွင်းပုံ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက အွန်လိုင်းကျားဖြန့်လုပ်ကိုင်တဲ့နေရာတွေကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၄၀၀ ဝန်းကျင်နဲ့ တရုတ်နိုင်ငံသား ၂၇၀ ကျော်ထိန်းသိမ်းခံထားရတယ်လို့ မူဆယ်ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့ ညပိုင်းကစလို့ မူဆယ်မြို့နယ်ထဲမှာရှိတဲ့ အွန်လိုင်း ကျားဖြန့်လုပ်ငန်း နေရာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ဆေးနေဆဲ ဖြစ်တယ်လို့ အခြေနေသိရှိသူဒေသခံတစ်ယောက်ကပြောပါတယ်။

“ကျားဖြန့်ကဖမ်းတာကမှန်ပါတယ် ၂၇ရက်နေ့ တစ်ညလုံးပေါ့ နေရာပေါင်းစုံဝင်ပြီးတော့ရှာတာ ကို တရုတ်က ၂၇၀ကျော် မြန်မာက ၄၀၀ ခန့်ပေါ့နော် အရေအတွက်ကတော့အတိအကျမသိဘူး ဒီနေ့ တရားစွဲတင်မလားဘာလားတော့မသိဘူး မနေ့ကညအထိတော့စစ်ဆေးနေတုန်းရှိသေးတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

မူဆယ်မြို့နယ်ကိုတော့ စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ကပဲ စစ်အုပ်ချုပ်ရေးကြေညာထားတာဖြစ်ပြီးတော့ ဝင်စီးချိန်းမှာလည်း စစ်တပ်ကဦးဆောင်ပြီးတော့ ဌာနစုံပေါင်းပြီး စီးနင်းမှုတွေလုပ်ခဲ့တာလို့ သိရပါတယ်။

မူဆယ်မြို့နယ်မှာ အွန်လိုင်းကြားဖြန့်လုပ်ငန်းလုပ်တဲ့ ရုံပေါင်း ၆၀ နီးပါးလောက်ရှိပြီး အကုန်လုံးကို ဝင်ရောက်စီးနင်းခဲ့တာမဟုတ်ဘူးလို့ ဒေသခံတွေကပြောပါတယ်။

“အကုန်လုံးတော့မဟုတ်လောက်ပါဘူး ကျနော်တို့သိတာကတော့ လောင်းကစားရုံက ၅၈ ရုံ ရှိတယ် တကယ်ပိတ်သွားတာတွေလည်းရှိတယ် တချို့လည်းဆက်လုပ်နေတာရှိတယ် ပိတ်တယ် ဆိုပြီး ခိုးလုပ်တာတွေလည်းရှိမှာပေါ့ သူတို့ကျော်ဇောတဲ့နေရာတွေသတင်းရတဲ့ နေရာတွေ အားလုံးကို တော့ဝင်စီးတာပေါ့ ဒါပေမဲ့နေရာအားလုံးတော့မဟုတ်ဘူးပေါ့ မဟုတ်တာကလည်း မသိလို့လား သိရက်နဲ့မဖမ်းတာလား သူတို့ပဲသိမှာပေါ့နော်”လို့ပြောပါတယ်။

အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေဟာ မူဆယ်မြို့နယ်ထဲက စွမ်စော်၊ ဆင်ဖြူဈေးအနီးတစ်ဝှိုက်၊ မင်္ဂလာမူဆယ်အနီးတစ်ဝှိုက် နဲ့ ပန်လုံ စတဲ့ရပ်ကွက်တွေမှာ အများဆုံးတည်ရှိတာလို့ ဒေသခံ တွေ က ပြောပါတယ်။

ဒီအွန်လိုင်းကျားဖြန့်လုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ ပန်းဆေး၊ လုံထန်၊ မြို့မ စတဲ့ ပြည်သူ့စစ်တွေက အဓိကလုံခြုံရေးယူပေးကာ ပူးပါင်းလုပ်ဆောင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

Most read this week

May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...
May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...