သောကဝေတဲ့ နွေ

သောကဝေတဲ့ နွေ

စောထူးကပေါ် — "ဘဝက အိပ်မက်လိုပဲ။ တစ်လအတွင်း အကုန်ပြောင်းလဲသွားတယ်။ အပူသောက မရှိဘဲ စိတ်အေးချမ်းချင်တယ်။"ဟု စောကဲဒိုက ဖွင့်ဟပြောသည်။

သူသည် မတ်လ တတိယအပတ်အတွင်းက စင်္ကာပူမှတဆင့် မလေးရှားနိုင်ငံသို့ ခရီးသည်တင်ဘတ်စ်ကားဖြင့် ထွက်ခွာ လာခဲ့သူ ဖြစ်သည်။ ခရီးစဥ်တွင် လမ်းဘေးဝဲယာ အုန်းပင်များ စီတန်းနေပြီး တောင်တန်းငယ်အချို့ကို ဖြတ်သန်းကာ ၅နာရီအကြာတွင် သူ့မိတ်ဆွေရှိရာ ကွာလာလမ်ပူမြို့အနီးရှိ ဆာရဘမ်းမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

စစ်ကောင်စီ လက်အောက် စစ်မှုမထမ်းလို၍ ရှောင်ပြေးရသူ အသက် ၂၃နှစ်အရွယ် စောကဲဒိုသည် မလေးရှားသို့ အလွယ်တကူ ရောက်ရှိလာခဲ့ခြင်းတော့မဟုတ်။ ရန်ကုန်မှ စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် ကနဦး ထွက်ခွာခဲ့ သည်။

အိမ်အကူ လုပ်ကိုင်နေသူ ဝမ်းကွဲအမဖြစ်သူထံ ၆ရက်ခန့်နေထိုင်ပြီးနောက် မလေးရှားသို့ အလည်အပတ်ဗီဇာ ရယူကာ ယခုလို ဆက်ထွက်လာခြင်း ဖြစ်သည်။ သိန်းဆယ်ချီကုန်ကျသည့် ယခုခရီးစဥ်အတွက် အတန်အသင့် ကြွေးတင်နေ သည်ဟု သူက ပြောသည်။

"ဒီလကုန် အလုပ်ဝင်ရမယ်ထင်တယ်၊ အလုပ်လုပ်ခွင့် ပါမစ်က ၉လပိုင်းလောက် ရမယ်။ အလည်ဗီဇာလည်း တစ်လပဲ ရတယ်။ ကြားထဲမှာ ဘာအထောက်အထားမှ မရှိနေရတော့မှာ။ ဒီက လူတွေပြောတာ ခနခန လာဖမ်းတယ်တဲ့ တွေးပြီး သောကကင်းကင်း အိပ်မရဘူး။"ဟု သူကဆိုသည်။

သူသည် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် အေးချမ်းစွာနေထိုင်ခဲ့သူဖြစ်သည်။ အာဏာ သိမ်းပြီးနောက် တက္ကသိုလ် ဆက်မတက်ဘဲ တရုတ်စကားပြော သင်ယူကာ ထိုင်ဝမ်သို့ ပညာသင်ဆုကြေးဖြင့် ကျောင်း တက်ရန် ပြင်ဆင်လျှောက်ထားသူ ဖြစ်သည်။

မတ်လဆန်းပိုင်းတွင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် ကျေးရွာများတွင် အသက် ၂၄ နှစ်မှ ၃၀ အကြား လူငယ်များကို စစ်မှုထမ်းရန် ရွာအလိုက် အစည်းအဝေးပြုလုပ်ကာ ဆင့်ခေါ်ခဲ့သည်။ အစည်းအဝေးတက်ခဲ့သူ မိဘတစ်ဦးက သူ့အ တွေ့အကြုံကို ယခုလို ပြောပြသည်။

"၂၄ ကနေ ၃၀ ကြား လူငယ်တွေကို စာရင်းပြုစုထားပြီး ရွတ်ပြတယ်။ အဲ့ထဲက တစ်ယောက် စလွှတ်မယ်ပြောတယ်။"

ထို့နောက် နောက်တစ်ရက်တွင် လျှောက်လွှာဖြည့်ရန် လူကြီးအိမ်သို့လာရန်ပြောဆိုသောအခါ အမည်စာရင်းပါ လူငယ် အများစုမှာ ပုံစံမျိုးစုံဖြင့် ရှောင်ပြေးကြတော့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် သွားရန်ပြင်ဆင်နေသူ များရှိသလို နီးစပ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ သွားရောက်ခိုလှုံလိုသူအချို့လည်း ရှိသည်။

မြန်မာနိုင်ငံအတွင်း မလေးရှားဗီဇာ လျှောက်မရသည့်အတွက် စင်္ကာပူရောက်မှ လျှောက်ထားပြီး မလေးရှားတွင် အလုပ်လုပ်ရန် လိုက်လံလုပ်ဆောင်မှုများလည်း ရှိနေသေးသည်။ လက်ရှိ ပြည်ပသို့ ထွက်ခွာရန် နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုလျင် ရန်ကုန်တွင် ခြောက်လခန့် ကြာမြင့်နိုင်ပြီး တခြားမြို့များတွင်မူ ၃လနှင့်အထက် စောင့်စားရ မည် ဖြစ်သည်။

"အနောတို့ ရွာမှာ လူငယ်အများစုကရှောင်တော့ မဲနိုက်မရဘူး။ အခု သွားမဲ့လူကို တစ်အိမ်ဘယ်လောက်ကောက်ပီး ပံ့ပိုးမယ်လို့တော့ ပြောတယ်။ တအိမ် တစ်သောင်းဆို အိမ် ၄၀၀ ဆိုတော့ သွားမဲ့သူက သိန်းလေးဆယ်လောက် ရမဲ့သဘောပါ။"ဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

ကျေးရွာတစ်ခုတွင်မူ အစည်းအဝေးခေါ် မဲနိုက်ရာ မဲပေါက်သည့် လူငယ်လေးသည် ရွာတွင် လက်ရှိနေထိုင်ခြင်းမရှိဘဲ အဝေးတစ်နေရာတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့်အတွက် အခက်ကြုံနေရခြင်းများ ဖြစ်ပေါ်နေကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

"အစက သင်္ကြန်ပီးမှလို့ ကြားတာ။ အခု မတ်လထဲမှာတင် အစည်းအဝေးခေါ် လျှောက်လွှာဖြည့်ဆိုတော့ သို့လောသို့လော ဖြစ်ကုန်တာ။"ဟု မိဘတစ်ဦး ပြောသည်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကမူ လူငယ်များအား စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် ကြန့်ကြာမှု မရှိအောင် ရပ်/ ကျေးအဆင့်တွင် လူရွေးချယ်မှုပြုလုပ်ရန် လုပ်ဆောင်နေကြောင်း ပြောဆိုထားသည်။

ဆိုလိုသည်မှာ ရပ်ကျေးအဆင့်တွင် ရွေးချယ်ရေးပြုလုပ်သွားမည့်သဘော ဖြစ်သည်။ ထို့အတွက် အသက်သတ်မှတ် ချက်အကျုံးဝင်သူ လူငယ်များသာမက အလွှာစုံလူငယ်အများစုမှာ ပုံစံမျိုးစုံဖြင့် ရှောင်ထွက်နိုင်ရေး လုပ်ဆောင်နေ သည်ကို နေရာဒေသတိုင်းတွင် တွေ့မြင်နေရသည်။

စစ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားသူ သောင်းနှင်ချီရှိသည်ဟု ကုလ သမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA)က ထုတ်ပြန်ထားသည်။ ထိုလူငယ်များထဲတွင် မလေးရှား နိုင်ငံသို့ မရည်ရွယ်ဘဲ ရောက်ရှိလာသူ စောကဲဒိုတစ်ဦးလည်း အပါအဝင် ဖြစ်သည်။

"ဖိုးခွားက မွေးချင်းတွေထဲမှာ ယောက်ကျားလေးတဦးထဲပါတာ။ အလုပ်ကြမ်းမလုပ်ဖူးဘူး။ နေ့လည်က အွန်လိုင်းကနေ စကားပြောတော့ သူ ငိုနေတယ်။ အနော်ရင်ထဲ သောကအပူဘယ်လိုငြိမ်းမလဲ။ နွေအပူထက် အဆများစွာ ပူနေတယ်။" ဟု စောကဲဒို၏မိခင်က ရင်ဖွင့်ပြောဆိုသည်။

Most read this week

April 27, 2024
စအိုင်ဆူး - “မိုးလင်းရင် (ရိတ်ထားသည့်စပါးများ)ချွေမယ်ဆိုပြီး အစာပြေစားနေကြတာ။ အစာပြေစားလို့တောင်...
Photo: KIC
April 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့အဝင်ကို ဧပြီလ ၂၅ ရက်၊ ယမန်နေ့မှစ၍...
April 26, 2024
ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားအမှတ် (၂) နေရာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး  သားလွတ်...
April 26, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ရပ်နားထားသည့်...