လိုင်ဇာသွားလမ်းပေါ်က ကျန်ရှိနေသေးတဲ့ တပ်စခန်း ၄ ခုကို KIA တပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်နိုင်

လိုင်ဇာသွားလမ်းပေါ်က ကျန်ရှိနေသေးတဲ့ တပ်စခန်း ၄ ခုကို KIA တပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်နိုင်
ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ
ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်ရဲ့ နောက်ဆုံးကျန်ရှိနေသေးတဲ့ မြို့သစ်၊ ကုန်းလော၊ စလောင်းကုန်း(တာဝါတိုင်ကုန်း)နဲ့ လုံဂျာဘွမ့် တပ်စခန်း ၄ ခုကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၆ ရက်နေ့ ဒီကနေ့ တစ်ရက်ထဲမှာပဲ သိမ်းပိုက်လိုက်နိုင်ပြီးလို့ KIO အတည်ပြုပြောဆိုပါတယ်။



“မှန်ပါတယ်။ မြို့သစ်၊ ကုန်းလော၊ စလောင်းကုန်းနဲ့ လုံဂျာဘွမ့် တပ်စခန်းတွေကို ဒီကနေ့ပဲ သိမ်းလိုက်ပြီလို့ တရားဝင်ပြောဆိုလာပါတယ်။ ဒီကနေ့ မနက်အစောပိုင်းက ကုန်းလောအရင်သိမ်းယူတယ်။ ပြီးရင် မြို့သစ် ၊ ညနေပိုင်းက လုံဂျာဘွမ့် တစ်ခုပြီးတစ်ခုသိမ်းနိုင်ခဲ့တယ်” KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို အတည်ပြုပြောဆိုခဲ့ပါတယ်။

KIA ပူးပေါင်းတပ်တွေက မနက်ပိုင်းမှာ ကုန်းလောနဲ့ မြို့သစ် တပ်စခန်း ၂ ခုကို အရင်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ ညနေပိုင်းမှာ လုံဂျာဘွမ့်နဲ့ စလောင်းကုန်း(တာဝါတိုင်ကုန်း)စတဲ့ တပ်စခန်းအသီးသီးကို တစ်ပြိုင်နက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတပ်စခန်းတွေဟာ မိုးမောက်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်တပ်ရဲ့ ဗျူဟာမြှောက်တပ်စခန်းတွေဖြစ်ပြီး လက်ရှိမှာ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် ဒေါ့ဖုန်းယန်နဲ့ မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က အခုလိုပြောပါတယ်။

“စစ်တပ်စခန်းတွေမရှိတော့ဘူး။ မိုးမောက်နဲ့ လိုင်းဇာကြား ဒဘတ်ချောင်းအထိ စစ်ကောင်စီတပ်တွေ မရှိတော့ဘူး။ ကုန်သွားပြီ။ အားလုံးက KIA တွေထိန်းချုပ်လိုက်ပြီ”လို့ပြောပါတယ်။

KIA တပ်တွေ သိမ်းပိုက်လိုက်တဲ့ စစ်တပ်စခန်းနေရာတွေကို မတ်လ ၂၁ ရက်နေ့ကနေ လက်နက်ကြီး ဒရုန်းတွေနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ ထွက်ပြေးသွားကြပြီး တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။

တပ်စခန်းစွန့်ခွာပြီး ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ များသောအားဖြင့် ဗန်းမော်မြို့ပေါ်ဘက်ရှိ ဗျူဟာတပ်စခန်းတွေကို လက်မလွတ်ရလေအောင် ဗန်းမော်မြို့ထဲဘက်ကို ဦးတည်ပြီး ထွက်ပြေးသွားကြတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။

KIO ဌာနချုပ်လိုင်ဇာအနီး ဒေါ့ဖုန်းယန်အောက်ဖက်ခြမ်း မိုးမောက်မြို့နယ်ထဲမှာ ဒုံးတပ်ပါရှိတဲ့ နွမ်လန့် တပ်စခန်းအကြီး( ၂)ခု ၊ ကုန်းလော၊ မြို့သစ်၊ စလောင်းကုန်း(တာဝါတိုင်ကုန်း) နဲ့ နောင်ကွန်(အမြှောက်တပ် စတဲ့တပ်စခန်းတွေက တစ်ဆက်တည်းရှိနေကြတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။

အဲဒီတပ်စခန်းတွေထဲမှ နွမ်လန့် တပ်စခန်း ၂ ခုနဲ့ နောင်ကွန် (အမြှောက်တပ်) တပ်စခန်း ၃ နေရာကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၁ ရက်နေ့မှာ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီ ၂၁ ရက်နေ့မှာ နွမ်လန့် တပ်စခန်း ၂ ခုကိုသိမ်းပိုက်ခဲ့ပါတယ်။

မတ်လ ၂၃ ရက်နေ့မှာက နောင်ကွန်မြှောက်တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ ကုန်းလော၊ မြို့သစ်၊ စလောင်းကုန်း တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

သိမ်းပိုက်ရရှိခဲတဲ့ တပ်စခန်း ၄ ခုထဲကနေ လုံဂျာဘွမ့်တပ်စခန်းက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ KIA က တပ်စွန့်ခွာခဲ့တာဖြစ်ပြီး ဒီကနေ့ ပြန်လည်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရက်ပိုင်းအတွင်း KIA ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တဲ့ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်၊ စလောင်းကုန်း နဲ့ နောင်ကွန် တပ်စခန်းတွေဟာ ဒေါ့ဖုန်းယန်အထက် KIO လိုင်ဇာ ဗဟိုဌာနချုပ်နဲ့ အနီးရှိ ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်၊ အင်တပ်ဘွမ့်၊ ဘွမ့်ရေဘွမ့်နဲ့ နာဖော့ပါဂျောင် စတဲ့ ဗျူဟာမြှောက်တပ်စခန်းအကြီးတွေကိုသိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ပြန်လည်သိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် KIO လိုင်ဇာအနီး ဒေါ့ဖုန်းယန်အထက်ပိုင်းနဲ့ အောက်ပိုင်း ကြားမှာ နှစ်ပေါင်း ၂၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄၀ ကျော်လောက်ကို KIA က ရက်ပေါင်း ၂၀ ကျော်အတွင်းမှာပဲ တိုက်ခိုက်သိမ်းယူလိုက်တာကြောင့်လိုင်ဇာအနီးတဝိုက်မှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီဖြစ်ပါတယ်။

Most read this week

April 24, 2024
ဖားကန့်မြို့ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၂၃ ရက်နေ့ ည ၁၂...
လွတ်မြောက်လာပြီဖြစ်တဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး၊ PCGအဖွဲ့များအားတွေ့ရစဉ် (Crd- မော်ဖောင်းနှစ်ခြင်းအသင်းတော်)
April 23, 2024
မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး...
April 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ အကျဉ်းထောင်မှာဆူပူမှုဖြစ်ပြီး အကျဉ်းသား ၄...