ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေဆဲ စစ်တပ်က တစ်နာရီမှာ တစ်ကြိမ်နှုန်း ဗုံးကြဲတိုက်ခိုက်နေ

ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေဆဲ စစ်တပ်က တစ်နာရီမှာ တစ်ကြိမ်နှုန်း ဗုံးကြဲတိုက်ခိုက်နေ

မြို့သိမ်းတိုက်ပွဲဆက်နွှဲနေတဲ့ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ ၁၀ ရက်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်လည်း နေ့တိုင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို KIA တပ်တွေက မတ်လ ၉ ရက်နေ့မှာ စတင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်က နေ့တိုင်းဆိုသလို တစ်နာရီမှာတစ်ကြိမ်နှုန်းနဲ့ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တိုက်ပွဲအချိန်ကြာမြင့်နေတာဖြစ်တယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

“တိုက်ပွဲပုံမှန်ဖြစ်နေတယ် KIA က တပ်ရင်းကို ပိတ်ဆို့တိုက်ခိုက်နေတာ။ စစ်တပ်က လေယာဉ်လည်း နေ့တိုင်းလိုလိုလာပစ်နေတော့ ဒီဘက်ကလည်း ပြန်ပြန်ဆုတ်ပေးနေရတော့ သိမ်းနိုင်ဖို့ ခက်နေသေးတဲ့ အခြေအနေဖြစ်နေတယ်။ လေယာဉ်လာတဲ့ အချိန်မှာက ပြန်တိုက်ဖို့ကခက်။ အဲ့တာကြောင့် အခုချိန်အထိ ကြာနေသေးတာဖြစ်တယ်”လို့ပြောပါတယ်။

ဆွမ်ပရာဘွမ့်မြို့အနီးတဝိုက် KIA တပ်သားတွေရှိနိုင်တဲ့ နေရာဘက်ကို စစ်ကောင်စီတပ်ဘက်ကနေ ဂျက်လေယာဉ် တစ်စီးနဲ့ တစ်ခါလာပစ်ရင် တစ်နာရီခွဲ၊ ၂ နာရီဝန်းကျင်အထိ ကြာမြင့်ပြီး တစ်ရက်မှာ အကြိမ်ပေါင်းများစွာ လာရောက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်ကနေ တပ်စခန်းကို လက်မလွတ်ရလေအောင် လေကြောင်းတိုက်ခိုက်တဲ့အပြင် ပူတာအိုဘက်ကလည်း ပြည်သူ့စစ်အပါ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့တွက် တိုက်ပွဲအချိန်ကြာမြင့်နေတာလို့ သိရပါတယ်။

ဆွမ်ပရာဘွမ့်တိုက်ပွဲဖြစ်ပွားတဲ့ ၁၀ ကျော်အတွင်းမှာ ၂ ဖက်စစ်တပ်က ထိခိုက်သေဆုံးမှုများတယ်လို့ ဆိုပေမယ့် လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေသေးတာကြောင့် အသေးစိတ်သိဖို့ ခက်ခဲနေဆဲလည်းဖြစ်ပါတယ်။

ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ မတ်လ ၉ ရက်နေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတစ်ထောင်ကျော်က ဆွမ်ပရာဘွမ့်နဲ့ နီးတဲ့ ကျေးရွာတစ်ချို့နဲ့ တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းကိုလည်း မတ်လ ၈ ရက်နေ့နောက်ပိုင်း သွားခွင့်အားလုံးကို စစ်တပ် ၂ ဖက်ကနေ ပိတ်ဆို့ထားတာဖြစ်ပြီး လက်ရှိမှာ ဆွမ်ပရာဘွမ့် နဲ့ ပူတာအိုဒေသတွေမှာ သွားလာခွင့်မရတာ ရက်ပေါင်း ၂၀ လောက် ကြာမြင့်လာပြီဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ တိုက်ပွဲအချိန်ကြာမြင့်လာတဲ့အပြင် ကားပိုင်းတွေလည်း သွားလာခွင့်ပိတ်ဆို့ထားတာကြောင့် တိုက်ပွဲရှောင် ဆွမ်ပရာဘွမ့်ဒေသခံ ပြည်သူ တစ်ထောင်ကျော်က အစားအသောက်ပြတ်လပ်လာပြီး စစ်ရှောင်အကူအညီတွေ လိုအပ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။

“အစားအသောက်တွေက ခက်ခဲနေပြီလို့ပြောလို့ရတယ်။ ထွက်ပြေးနေတဲ့ အချိန်လည်းကြာလာပြီဆိုတော့ ထွက်ပြေးတဲ့အချိန်ပါလာတဲ့ အစားအသောက်တွေလည်း ကုန်သွားပြီ။ အခုက အိမ်ကို ပြန်ပြီးသွားယူဖို့လည်း အဆင်ပြေတော့ဘူး။ အစားအသောက်နဲ့ ဆေးဝါးတွေက လိုအပ်နေပြီဖြစ်တယ်”လို့ပြောပါတယ်။

စစ်ရှောင်တွေရဲ့ အခက်အခဲတွေကို တာဝန်ရှိတဲ့ စစ်ရှောင်အကူအညီတွေကို တင်ပြတောင်းဆိုထားတာတွေ ရှိပေမယ့် သွားလာရေးအခက်အခဲတွေကြောင့် အမြန်မရရှိသေးတဲ့ အခြေအနေမှာဖြစ်နေတယ်လို့ သူကဆိုပါတယ်။

လက်ရှိ ဆွမ်ပရာဘွမ့်စစ်ရှောင်ပြည်သူတွေက မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပိုင်း တစ်ကြောရှိ ဆူယာန်(Su Yang)၊ မိုင်ထောင်း(Mai Htawng)၊ ခဂရန်ယာန်(Hka Garan Yang)၊ အင်တားဂလို(N-ta Galu Mare) စတဲ့ကျေးရွာတွေမှာ တိမ်းရှောင်နေကြတဲ့အပြင် တစ်ချို့က ဆွမ်ပရာဘွမ့်မြို့နဲ့ နီးတဲ့ တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံနေရတဲ့ ဆွမ်ပရာဘွမ့်မြို့အတွင်း ခလရ ၄၆ တပ်ရင်းဟာ ဆွမ်ပရာဘွမ့်မြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တပ်စခန်းအကြီးဖြစ်သလို ပူတာအို ခလရ ၄၆ တပ်ရင်းရဲ့  တပ်ခွဲလည်းဖြစ်ပါတယ်။

ဒါကြောင့် ဆွမ်ပရာဘွမ့် ခလရ ၄၆ တပ်ရင်းဟာ စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်တာကြောင့် KIA ဘက်ကနေ ဆွမ်ပရာဘွမ့်မြို့တစ်ခုလုံး သိမ်းပိုက်ယူဖို့ တိုက်ပွဲဆက်လက်ဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။

ပုံစာ... ဆွမ်ပရာဘွမ့် မြို့တွင်းပုံ

Most read this week

April 24, 2024
ဖားကန့်မြို့ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၂၃ ရက်နေ့ ည ၁၂...
လွတ်မြောက်လာပြီဖြစ်တဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး၊ PCGအဖွဲ့များအားတွေ့ရစဉ် (Crd- မော်ဖောင်းနှစ်ခြင်းအသင်းတော်)
April 23, 2024
မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး...
April 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ အကျဉ်းထောင်မှာဆူပူမှုဖြစ်ပြီး အကျဉ်းသား ၄...