နာဖော့ ပါဂျောင်ဘွမ့် (Nahpaw Pajau Bum) က စစ်တပ်စခန်း ၆ ခုကို KIA အပြီးသတ်သိမ်းပိုက်

နာဖော့ ပါဂျောင်ဘွမ့် (Nahpaw Pajau Bum) က စစ်တပ်စခန်း ၆ ခုကို KIA အပြီးသတ်သိမ်းပိုက်

KIO လိုင်ဇာဗဟိုဌာနချုပ် နဲ့ ပါဂျော်ဘွမ့် (Pajau Bum) ကြားမှာရှိတဲ့ နာဖော့ ပါဂျော်ဘွမ့် (Nahpaw Pajau Bum) အနီတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၆ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အဲဒီတပ်စခန်းတွေကို မတ်လ ၁၇ ရက်နေ့စကပြီး KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၁ ရက်၊ ဒီကနေ့မှာ တပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားပြီလို့ လိုင်ဇာဒေသ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“နာဖော့ပါဂျော်တဝိုက်မှာ တပ်စခန်း ၅ ခုလောက်ကိုတော့ KIA စခန်းတစ်ခုချင်းစီးကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်ခဲ့တယ်။ နာဖော့ပါဂျောင် ဗျူဟာကုန်းနဲ့ အူဂရှန် (U Gashan) စခန်း ၂ ခုပဲကျန်ရှိနေတာ ဖြစ်တယ်။ အဲဒီစခန်း ၂ ခုကိုလည်း ဒီကနေ့မှာ အပြီးသိမ်းလိုက်ပါပြီ”လို့ ပြောပါတယ်။

နာဖော့ ပါဂျောင် ဘွမ့်တဝိုက်မှာ လီဆူပါဂျော်၊ ရင်ဆိုင်ကုန်း၊ ပွိုင့် ၆၆၇၊ အူဂရှန် နဲ့ အူလော့ကုန်း နဲ့ နာဖော့ဗျူဟာကုန်းရှိပြီး အဲ့ဒီတပ်စခန်းတွေထဲမှာ နာဖော့ဗျူဟာကုန်း နဲ့ အူဂရှန် တပ်စခန်းကို KIA တပ်က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ဆိုပါတယ်။

လိုင်ဇာအထက်မှာရှိတဲ့ နာဖော့ ပါဂျော်ဘွမ့် အနီးတဝိုက်မှာ မတ်လ ၁၇ ရက်နေ့ကနေ KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၁၈ ရက်နေ့မှာ လီဆူ ပါဂျော်တပ်စခန်းက စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားကြတာကြောင့် တိုက်ပွဲမပြင်းထန်ဘဲ စခန်းသိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့ ရင်ဆိုင်ကုန်း၊ ပွိုင့် ၆၆၇၊ အူဂရှန်နဲ့ အူလော့ကုန်း၊ နာဖော့ဗျူဟာကုန်း စတဲ့စခန်းကိုတော့ ၅ လောက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများသလို ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေလည် အများအပြား ရှိနေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဒီကနေ့မှာ အူဂရှန်နဲ့ နာဖော့ဗျူဟာကုန်း တိုက်ခိုက်သိမ်းပိုက်မှုအပြီး ရက်ပိုင်းအတွင်း တိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံပစ်ခတ် ဖမ်းဆီးတာတာတွေလုပ်ဆောင်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ပြောပြပါတယ်။

KIO လိုင်ဇာဌာနချုပ်ရဲ့ အထက်ဘက်ခြမ်း နာဖော့ပါဂျော်ဘွမ့်တဝိုက်မှာ KIA က သိမ်းပိုက်ထားတဲ့ တပ်စခန်း ၅ ခုလောက်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း လာရောက်တပ်ချထားတဲ့ တပ်စခန်းတွေဖြစ်ပြီးတော့ အဲဒီ တပ်စခန်း ၅ ခုရဲ့ စစ်အင်အား စုစုပေါင်း ၃၀၀ ခန့်လောက်ရှိတယ်လို့ သိရပါတယ်။

နာဖော့ဘွမ့်အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းနေရာတွေကို KIA က သိမ်းပိုက်ထားတယ်လို့ သတင်းနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

“နာဖော့ဘွမ့်ဘက်မှာ တပ်စခန်းတွေ သိမ်းဆည်းထားတယ်လို့ပဲသိရတယ်။ ဘယ်လောက်အထိ သိမ်းထားတယ်လို့ အသေးစိတ်မသိရသေးဘူး။ ကြားတာက ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံပစ်ခတ်နေသေးတယ်လို့ပဲသိရသေးတယ်။ တာကြောင့် ပစ်ခတ်မှုတွေရှိနေသေးတယ်”လို့ပြောပါတယ်။

မတ်လ ၇ ရက်နေ့ကစပြီး လိုင်ဇာအနီးတဝိုက်ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု KIA က တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီး စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းနေရာ အားလုံးနီးပါးလောက်ကို KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဒေါ့ဖုန်းယန်မြို့ အနီးတဝိုက် ဒုံးတပ်နဲ့ အမြှောက်တပ်အထိုင်ချထားတဲ့ နွမ်လန့်တပ်စခန်း ၂ ခုနဲ့ နောင်ကွန် အမြှောက်တပ်တွေကို KIA က တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။

ပုံစာ-- ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ

Most read this week

April 24, 2024
ဖားကန့်မြို့ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၂၃ ရက်နေ့ ည ၁၂...
လွတ်မြောက်လာပြီဖြစ်တဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး၊ PCGအဖွဲ့များအားတွေ့ရစဉ် (Crd- မော်ဖောင်းနှစ်ခြင်းအသင်းတော်)
April 23, 2024
မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး...
April 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ အကျဉ်းထောင်မှာဆူပူမှုဖြစ်ပြီး အကျဉ်းသား ၄...