စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ ကောလင်းမြို့ပေါ်မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရ

စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ ကောလင်းမြို့ပေါ်မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရ

စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ပေါ်က နေအိမ်တွေကို စစ်တပ်က နေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး အရပ်သားတွေလည်း ဘေးလွှတ်ရာမှာ ဆက်လက်တိမ်းရှောင်နေရတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်တွေဟာ ကောလင်းမြို့ကို စစ်ကောင်စီတပ်ဆီ ပြန်လက်လွှတ်ခဲ့ရပြီး အဲ့ဒီနေ့ကစပြီး နေ့တိုင်းလိုလို မြို့ပေါ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ပြောပါတယ်။

“သူတို့မြို့ထဲကို စဝင်ပြီဆိုကတည်းကစရှို့နေတာပါပဲ မြို့လယ်ခေါင်ကအိမ်တွေကို ဖျက်တာတွေလည်း ဖျက်ရှို့တာတွေလည်းရှို့ပေါ့ နေ့တိုင်းကိုရှို့တာ မီးခိုးတွေမြင်နေရတာ မြို့ထဲကိုတော့လုံးဝ ကပ်မရလို့ အခြေနေအသေးစိတ်တော့မသိပါဘူး”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့နေအိမ်တွေမှာ ကျန်နေတဲ့အဖိုးတန်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို ဝန်းသိုမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေဆီ ကားတွေနဲ့သယ်ယူတာတွေပါလုပ်နေတယ်လို့သိရပါတယ်။

တစ်ဖက်မှာ ကောလင်းမြို့နယ်က ဒေသခံတွေဟာလည်း ကောလင်းမြို့နယ်ထဲက ဘေးလွှတ်ရာရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံတွေကလည်း မြို့ထဲကို ပြန်မဝင်နိုင်ကြသေးဘူးလို့ပြောပါတယ်။

“စစ်တပ်က မြို့ကိုဖျက်ဆီးမီးရှို့နေတော့ အရပ်သားတွေကမဝင်ပါဘူး သူတို့ကပြီးရင် လိုချင်တဲ့ ပစ္စည်းတွေကို သယ်ပြီးတော့ ဝန်းသိုဘက်ကို ခိုးထုတ်နေတာ ပြည်သူကတော့ သူတို့ခေါ်ခေါ် မခေါ် ခေါ် ဝင်မယ်မထင်ဘူး ဝင်တာလည်းမတွေ့သေးဘူး” လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ကောလင်းစစ်ဘေးရှောင်တွေဟာ ဘေးလွှတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်ကြရင်း တိုက်ပွဲကျန် လက်နက်ကြီးကျည်တွေနဲ့ မိုင်းတွေကြောင့် သေဆုံးတာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကဆိုရင် ကောလင်းမြို့ပေါ်ကနေ စစ်ဘေးရှောင်ဖို့ထွက်လာတဲ့ သားအမိနှစ်ယောက်မိုင်းထိပြီး အမေဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဒေါ်ချစ်ရီ နေရာမှာတင် ပွဲချင်း ပြီးသေဆုံးခဲ့ရတယ်လို့ Kawlin Revolution KR က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား ၂ ဒဿမ ၆ သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။

Most read this week

December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...