တပ်ရင်း၊ တပ်ခွဲ တို့ရဲ့ ရေသောက်မြစ် “ထောက်ပို့”

တပ်ရင်း၊ တပ်ခွဲ တို့ရဲ့ ရေသောက်မြစ် “ထောက်ပို့”

မူဖိလစ်စတာ — “ထောက်ပို့ရှိမှ ပိုက်ဆံရှိမှာလေး။ အဲ့အတွက်ကြောင့် ညီမတို့က တဲဆောက်ဖို့ဆိုလည်း သူတို့ကို အားကိုးပြီး မှီခိုရမှာပဲ။ သူတို့ဆီက ပိုက်ဆံထွက်လာမှ ညီမတို့က ဒါတွေဆောက်ရမှာပေါ့”

တော်လှန်သူတို့အတွက် ထောက်ပို့တပ်သားရဲ့ အရေးပါမှုကို တော်လှန်ရေးရဲမေတဦးက ပြောလိုက်တာပါ။

စစ်အာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အမြောက်အများပေါ်ပေါက်လာတဲ့ ကရင်နီပြည်မှာ တပ်ရင်းတပ်ဖွဲ့တခုစီရဲ့ အဓိကရေသောက်မြစ်ဟာ “ထောက်ပို့တပ်သား” ဖြစ်ပါတယ်။ တပ်ရင်းတပ်ဖွဲ့တခုရဲ့ အဓိက၀င်ငွေတွေ လည်ပတ်စီးဆင်းတဲ့နေရာတခုလို့လည်း ဆိုနိုင်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ပြည်တွင်း၊ ပြည်ပက ထောက်ပို့အင်အားကြောင့်လည်း နွေဦးမှာစတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးက အရွေ့ကြီးတခုရွေ့နေတာလို့ တော်လှန်ရေးတပ်ဖွဲ့၀င်များက ခံယူထားကြတာ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ မှာ ထောက်ပို့တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ ကစ်ကစ်နှင့် သူမ ထောက်ပို့ပေးနေသော ရှေ့တန်းရဲဘော်များအတွက် ထမင်းထုပ်များအား စီစဉ်ပေးနေစဉ်။

ထောက်ပို့တပ်သားတယောက်က တပ်ရင်းမှာသော်လည်းကောင်း ၊ တပ်ခွဲမှာသော်လည်းကောင်း လိုအပ်တဲ့ စစ်ရေး၊ ဘဏ္ဍာရေး ၊ကျန်းမာရေး၊ စားနပ်ရိက္ခာ စတဲ့ အခန်းကဏ္ဍအသီးသီးအတွက် ထောက်ပို့ငွေရှာဖွေပြီး  ပါ၀င်ထောက်ပို့ရတာဖြစ်ပါတယ်။

တပ်ရင်းတပ်ဖွဲ့တခုရဲ့ ကဏ္ဍစုံ လိုအပ်ချက်တွေကို တာ၀န်ယူဖြည့်တင်းရင်း ဖြေရှင်းပေးရတဲ့ ထောက်ပို့ တပ်သားတယောက်အတွက် ထောက်ပို့တာ၀န်က လေးလံတဲ့၀န်တခုကို ထမ်းရသလိုပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ် (၉) ထောက်ပို့ရဲမေ ကစ်ကစ် ကပြောပါတယ်။

“ထောက်ပို့တယောက် ဖြစ်လာတဲ့အချိန်မှာ ဆိုလို့ရှိရင်ပေါ့နော။ အလှူရှင်တွေရဲ့ ကြည်ဖြူခြင်း မကြည်ဖြူခြင်းတွေကိုလည်းခံရတယ်။ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းကိုလည်း ခံရတယ်။ တချို့အလှူရှင်ဆိုလို့ရှိရင် ဘုံးပေါလအော အလှူသဒ္ဒါရက်ရောပြီးတော့လှူကြတယ်။ မမေးဘူးပေါ့နော။ တော်လှန်ရေးကိုစိတ်အားထက်သန်တဲ့လူဆိုလို့ရှိရင် မမေးပဲလှူကြတယ်။ ဒါမဲ့ တချို့အလှူရှင်တွေကျတော့ မကြည်မဖြူဘူး။ တော်လှန်ရေးကို ဗန်းပြပီးတော့ တောင်းစားနေတာလား။ သူတောင်းစားတွေလား စသည်ဖြင့်ပေါ့ အမျိုးမျိုးပြောခံရတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ခဏခဏ ကြုံရတယ်ရှင့်”

ထောက်ပို့ရဲမေ ကစ်ကစ်က သူမ တာဝန်ယူထမ်းဆောင်ရစဉ် ကြုံတွေ့ရတဲ့ အရာတွေကို ပြောပြသွားတာပါ။

စိတ်ဓာတ်ပိုင်းဆိုင်ရာစိန်ခေါ်မှု မကြာခဏဆိုသလို ရလေ့ရှိပေမဲ့ လူထုတွေဆီကယုံကြည်မှုကို အခိုင်အမာရအောင် ကြိုးစားရတယ်လို့လည်း သူမက ဆက်ပြောပါတယ်။ ဒါဟာလည်း သူမအတွက် ခက်ခဲတဲ့ တာ၀န်တခုဖြစ်တယ်လို့ ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၉) ဆေးတပ်သား ရဲမေအိုလီဗီယာက တော်လှန်ရေးအတွက် အရေးပါတဲ့ ထောက်ပို့တပ်သားတွေကို သစ်ပင်တပင်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ ရေသောက်မြစ်နဲ့ နှိုင်းယှဉ်ထားပါတယ်။

“ထောက်ပို့တွေကတော့ တော်တော်လေးကို အရေးပါတယ်။ ပြောမယ်ဆို ပင်စည်တခုမှာဆိုရင်တော့ သူကအဓိကပဲပေါ့။ အရင်းအမြစ် ‘အမြစ်’ လို့တောင် ပြောလို့ရတယ်။ အဲ့တာကြောင့်မို့လို့ ထောက်ပို့က တကယ့်ကို အရေးပါတယ်” လို့ ရဲမေ အိုလီဗီယာက ရဲမေ ကစ်ကစ်တို့ တာဝန်ယူထမ်းဆောင်နေတဲ့ ထောက်ပို့အခန်းကဏ္ဍရဲ့ အရေးပါပုံကို နှိုင်းယှဉ်ပြောဆိုသွားတာပါ။

ထောက်ပို့တာ၀န်ကို အဖွဲ့တခုအဖြစ် သီးသန့်ဖွဲ့စည်းတည်ထောင်ပြီး လုပ်ဆောင်ကြသလို တချို့ တပ်ရင်းတွေမှာတော့ ပါ၀င်လိုသူတိုင်းပါ၀င်ရင်း လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဟာ ၄ နှစ်ထဲ ၀င်လာပြီဖြစ်လို့ တော်လှန်ရေးအင်အားစုတွေ များလာပါတယ်။ ထို့အတူပဲ စစ်ဘေးရှောင် ဦးရေများလာတာနဲ့အမျှ ပြည်တွင်းပြည်ပ အလှူရှင်ဆီက အလှူငွေရရှိမှု တဖြည်းဖြည်းနည်းပါးလာပြီး ခက်ခဲမှုတွေ ပိုကြုံလာရတယ်လို့ ထောက်ပို့ ရဲမေ ကစ်ကစ် က ပြောပါတယ်။

“ထောက်ပို့ စစလုပ်တုန်းကဆိုရင် အဆင်ပြေတယ်။ ဘာလို့ဆို တော်လှန်ရေးကို   အင်တိုက်အားတိုက် ပါ၀င်ကြတယ်။ အခုနောက်ပိုင်းကျလို့ရှိရင် တော်လှန်ရေးအင်အားစုတွေကလည်း များလာတဲ့အတွက် အလှူရှင်တွေကလည်း ကူညီရမဲ့နေရာတွေ များလာတယ်။ တခါတလေကျလို့ရှိရင် ရတဲ့အခါ ရတယ်။ မရတဲ့အခါ မရဘူးပေါ့။ အဲဒီအချိန်ကျလို့ရှိရင် ကိုယ့်ဟာကို အရမ်းအားငယ်တယ်။ အရမ်းစိတ်လည်း တိုတယ်။ ငါမလုပ်နိုင်ရလေခြင်း ဆိုတဲ့ အဲလိုအားငယ်တဲ့စိတ်တွေရှိတယ်” လို့ ရဲမေ ကစ်ကစ် က ရင်ဖွင့်ပြောဆိုထားပါတယ်။

တော်လှန်နှစ်ကြာလာတာနဲ့အမျှ အလှူရှင်တွေကိုပဲ အားကိုးလို့မရတော့တဲ့အခါ တပ်သားတွေကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်နဲ့လည်း ထောက်ပို့ငွေ ပိုမို ရှာဖွေရပါတော့တယ်။

လူငယ်တွေက စစ်လည်းတိုက်ရင်း ထောက်ပို့ငွေလည်းရှာရင်း အသက်ရင်း၊ အရှက်ရင်းကာ စစ်ကောင်စီကို ယနေ့ထိတိုင် အင်တိုက်အားတိုက် တော်လှန်နေကြတာပါ။

အမြဲတမ်း အဆင်ပြေချောမွေ့မနေတဲ့ကြား ထောက်ပို့တပ်သားတွေမှာ အားငယ်စိတ်က ရင်ထဲကတဆင့် ဖူးလာပေမဲ့ ခန္ဓာပြင်ပဆီကို အပွင့်မထွက်အောင် ထိန်းချုပ်ကြရတာပါ။ တပ်သား အချင်းချင်းဆီက အားပေးနှစ်သိမ့်စကားကလည်း ကြီးမားတဲ့ စိတ်ခွန်အားတခုကို ပြန်ရစေတယ်လို့ ရင်ပြောဆိုရင်ဖွင့်ကြပါတယ်။

KNDF တပ်ရင်းအမှတ် (၉) မှ ဒုခွဲမှူး ၀တုတ်ကတော့ ထောက်ပို့တပ်သားတွေက စစ်တိုက်ခြင်းနဲ့ တော်လှန်တာမဟုတ်ပေမဲ့ တပ်ရင်းတပ်ဖွဲ့တခုအတွက် စစ်ရေးအပါအ၀င် တခြားအခန်းကဏ္ဍ အသီးသီးမှာ ပါ၀င်ထောက်ပို့ရင်း တော်လှန်နေရတဲ့ တပ်သားတွေဖြစ်တယ်လို့ ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် ထောက်ပို့က အကုန်လုံးနဲ့ တိုက်ဆိုင်တယ်လေး။ စစ်ရေးမှာလည်း တိုက်ဆိုင်တယ်ကွာ။ နောက်ပြီး ဒီစားနပ်ရိက္ခာတွေရော။ နောက်ပြီး ဆေး၀ါးတွေရော ပြီးပြည့်စုံ ပြောရမယ်ဆိုရင် ဒါ စစ်မဖြစ်တဲ့အရာတွေပဲလေး” လို့ ဒုခွဲမှူး ဝတုတ်က ပြောပါတယ်။

ထောက်ပို့တပ်သား ရဲမေ ကစ်ကစ် အပါအဝင် တော်လှန်သူတိုင်းက တော်လှန်ရေးရဲ့စိန်ခေါ်ချက်တွေကို တော်လှန်ရေးမပြီးမချင်း ရင်ဆိုင်နေရဦးမှာ ဖြစ်သလို စစ်အာဏာရှင်မကျရှုံးသရွေ့လည်း  စစ်လည်းတိုက်ရင်း ငွေလည်းရှာရင်း စစ်အာဏာရှင်ကျရှုံးရေးအတွက် အဲ့ဒီစိန်ခေါ်မှုတွေကို မမှုဘဲ ရုန်းရင်းကန်ရင်း ရှေ့ဆက် တွန်းလှန်၊ တော်လှန်၊ တိုက်ခိုက်ရင်း ခရီးဆက်နှင်နေကြဦးမှာပါဘဲ။

Most read this week

May 8, 2024
မေလ ၆ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဘောလခဲမြို့အနီးမှာ ပျက်ကျခဲ့တဲ့...
May 7, 2024
ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ရင်းနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို...
May 7, 2024
ကရင်နီပြည် ဖားဆောင်းမြို့မှာရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းနှစ်ခုကို...
May 6, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူဖို့ လာတဲ့...