NUG ထိန်းချုပ်ထားတဲ့ ကောလင်းမှာ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

NUG ထိန်းချုပ်ထားတဲ့ ကောလင်းမှာ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းနဲ့ ကချင်အစပ်က ကောလင်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား ဖေဖော်ဝါရီလ ၄ ရက်နေ့ကစလို့ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါ တယ်။

စစ်ကောင်စီတပ်ဘက်က ကောလင်းမြို့ရဲ့ပတ်ပတ်လည်ကို နေရာယူစစ်ကြောင်းတွေထိုးနေသလို ကျေးရွာတချို့ ကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“အခုလောလောဆယ်အခြေနေက အရပ်မျက်နှာတော်တော်များများကို စစ်ကြောင်းထိုးနေတဲ့ သဘော ဖြစ်နေတယ် ကျနော်တို့ ဘက်က ပွိုင့်ထောက်ထားတဲ့နေရာတွေတော်တော်များများမှာ ထိတွေ့မှုဖြစ် နေပါတယ်။ မနေ့ကဆိုရင် စစ်ကြောင်း ရောက်တဲ့ရွာတွေကို မီးရှို့နေတယ်လို့ သိရတယ် ဒီနေ့ဆို ဇီးခုံဆိုတဲ့ရွာကိုမီးရှို့နေတယ်လို့ သိရပါတယ။”လို့ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဒီကနေ့တိုက်ပွဲအတွင်းမှာတော့ ကောလင်းမြို့နယ်ထဲကို လေကြောင်း ကနေ ဂျက်ဖိုက်တာရော Mi35 ရဟတ်ယာဥ်ပါသုံးပြီး ဗုံးကြဲ တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ သိရ ပါတယ်။

ထိတွေ့တိုက်ပွဲအတွင်းမှာ နှစ်ဖက်အကျအဆုံးတွေရှိပြီး လက်ရှိအချိန်ထိကောလင်းမြို့ကို ကာကွယ်ရေး တပ်ဘက်က ဆက်လက်ထိန်းထားဆဲဖြစ်တယ်လို့ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Kawlin Revolution -KR ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယအပတ်လောက်ကစတင်ပြီး ကောလင်းမြို့အစပ် ကန့်ဘလူမြို့ထဲက ၆၀၀၆ အမြောက်တပ်နဲ့ ကောလင်းမြို့ နဲ့ ၆ မိုင်အကွာက ကိုးတောင်ဘို့ရွာက စစ်ကောင်စီအထိုင်တပ်စခန်းတွေကို အင်အားတွေဖြည့်တင်းထားခဲ့တာလို့သိရပါတယ်။

အဲ့ဒီဖြည့်တင်းလိုက်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ စစ်ကောင်စီတပ်သားနဲ့ လက်အောက်ခံ ပျူစော ထီးတွေအပါအဝင် အချုပ်သားတွေပါပါဝင်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံ က ပြောပါတယ်။

“ကျနော်တို့ ကြားထားတာကတော့ တပ်မ ၁၁၊ ၇၇ နောက်ထပ် တပ်ရင်းတွေက စစ်ကောင်စီတပ် သားတွေ အပါအဝင် အချုပ်တွေထောင်တွေထဲကအချုပ်သားတွေထောင်သားတွေ ပါတယ်လို့ လည်းကြားတယ် ပြီးရင် ပျူတွေလည်းပါတယ် ဒေသခံပျူတွေပေါ့”လို့ပြောပါတယ်။

စစ်ကြောင်းထဲမှာပါတဲ့ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေဟာ ပျူစောထီး အားကောင်းတဲ့ ကန့်ဘလူမြို့နယ်ထဲက လက်နက်ကိုင်ပျူစောထီး ဘုန်းကြီး ဦးဝသဝရဲ့ လက်အောက်ခံ ပျူစောထီး တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာလည်း ကောလင်းမြို့နယ်ထဲကအရပ်သားတွေကို ကာကွယ်ရေးတပ်တွေဘက်က ဘေးလွှတ် ရာတွေကို တိမ်းရှောင်ကြဖို့ တိုက်တွန်းထားသလို မြို့ခံ ၁သောင်းခွဲလောက် ဘေးလွှတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ Kawlin Revolution -KR ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ကောလင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့က KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အရပ်သားတွေလည်းပြန်ဝင်နေထိုင်ကာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေတဲ့ မြို့လည်းဖြစ်ပါတယ်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...