BGF တပ်များ လစာ/ရိက္ခာမယူတော့ကြောင်း သတင်းထွက်နေသော်လည်း စစ်မြေပြင်တွင် စစ်တပ်နှင့် အတူ ဆက်ရှိနေ

BGF တပ်များ လစာ/ရိက္ခာမယူတော့ကြောင်း သတင်းထွက်နေသော်လည်း စစ်မြေပြင်တွင် စစ်တပ်နှင့် အတူ ဆက်ရှိနေ

ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်နယ်ခြားစောင့်တပ်-BGFတပ်များ စစ်တပ်လက်အောက်ခံ အဖွဲ့အစည်း အဖြစ်မှ ရိက္ခာ/လစာ မယူတော့ဘဲ ကိုယ်ပိုင်ပြည်နယ်ငြိမ်းချမ်းရေးတပ်ဖွဲ့အဖြစ် ဆက်လက်နေထိုင်မည် ဟု ဇန်နဝါရီလ ၁၅ ရက်ခန့်က သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိ ကရင်နှင့်မွန်ပြည်နယ် အတွင်းရှိ BGF တပ်များ စစ်တပ်နှင့်အတူ တိုက်ပွဲဖြစ်နေရာများအတွင်း ဆက်ရှိနေသေးကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။

ကော့ကရိတ် အခြေစိုက် စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က “စစ်တပ်နဲ့ လက်မတွဲတော့ဘူး။ ရိက္ခာ လစာ မယူတော့ဘူး။ ပြည်နယ်ငြိမ်းချမ်းရေးတပ်အဖြစ် ဆက်နေမယ်ဆိုတာမျိုး၊ KNU အဖွဲ့အစည်းနဲ့ ပြန်ပေါင်းပြီး နယ်မြေငြိမ်းချမ်းရေး ပေါင်းလုပ်မယ်ဆိုတာမျိုး သတင်းတွေပြန့်နေတယ်။ ဒါပေမယ့် လက်ရှိ ကော့ကရိတ်၊ ကျုံဒိုး၊ ဖားအံ၊ မြဝတီက BGF တပ်တွေ ကျိုက်ထို၊ ဘီးလင်းက တပ်တွေ အတူတူ ရှိနေတုန်းပဲသိရတယ်။ KNLA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတုန်းပဲ ” ဟု ပြောသည်။

ယခုလို သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ နယ်မြေခံ BGF တပ် ဆက်ဆံရေးရုံးနှင့် ရှေ့တန်းရုံး တာဝန်ရှိသူများထံ ကေအိုင်စီက -ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားမှုမျိုး မရရှိသေးပါဘူး။

ယနေ့နံနက်ပိုင်းက တပ်မ ၂၂ သို့ စစ်ရဟတ်ယာဉ် တစ်စီးဆင်းသက်ခဲ့ပြီး ဒုစစ်ခေါင်းဆောင်  စိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် BGF ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုရှိသည့်အတွက် BGF တပ်များ ဖားအံမြို့တွင်း/မြို့ပြင် လုံခြုံရေးယူ စစ်ဆေးနေသလို မြိုင်ကလေး၊ လှာကမြင်၊ ဇာသပြင် လမ်းပိုင်းတွင် စစ်တပ်စစ်မှုထမ်းဟောင်းများ လုံခြုံရေးတိုးမြှင့် ချထားသည့်အတွက် မြို့ခံဒေသခံများ သွားလာမှုကြဲပါးနေကြောင်း ဖားအံမြို့ခံများက ပြောသည်။

“စစ်တပ်၊ BGF တပ်တွေ ကင်းပတ်နေတယ်။ တစ်မြို့လုံး သူတို့ ကားတွေ လူတွေ ရှုပ်နေတယ်။ စစ်မှုထမ်းဟောင်းတွေ ရပ်ကွက်ရုံးတွေမှာ လူစုပြီး ကင်းချတာတွေ နေရာချနေတာ တွေ့ရတယ်။ BGF ဗိုလ်ချစ်သူနဲ့ စစ်တပ်ဘာတွေ ဆက်ဖြစ်မလဲ စိတ်ဝင်စားကြတယ်။ မြို့ မှာက အဖွဲ့အစည်းဝင်ပြီး စီးပွားရေး လုပ်ကိုင်စားသောက်ကြတာ မျိုးရှိတော့ အဖွဲ့အစည်း ဝင်ထားသူတွေ လန့်နေကြတယ် ”ဟု ဖားအံ မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ်ရှိ တရားမဝင် ကာစီနိုလောင်းကစားရုံနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်း များ ရှိနေသော မြဝတီ ၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ ကျောက်ခက်၊ ဘုရားသုံးဆူ၊ ဝေါလေ ဒေသများ တွင် ၎င်းလုပ်ငန်းများ ပုံမှန် လည်ပတ်လုပ်ကိုင်လျက်ရှိနေပြီး လုံခြုံရေး တာဝန်ယူထားရသည့် BGF တပ် ၊ DKBA တပ်ဖွဲ့ များအနေဖြင့် လုံခြုံရေး ပုံမှန်အနေအထားဖြင့် ဆက်ရှိနေကြောင်း နယ်မြေခံ သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။

Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...
Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...