ရှမ်း-တရုတ်နယ်စပ်တွင် မြန်မာနိုင်ငံသားများ လူကုန်ကူးခံရ

ရှမ်း-တရုတ်နယ်စပ်တွင် မြန်မာနိုင်ငံသားများ လူကုန်ကူးခံရ
Photo : SHRF
Photo : SHRF

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်လူမျိုးပိုင် မြေရှားသတ္တုတွင်းများတွင် မြန်မာနိုင်ငံသားများ လူကုန်ကူးခံနေရပြီး လုပ်အားအဓမ္မခိုင်းစေခြင်း ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF က မေလ(၁၈)ရက်နေ့တွင် ထုတ်ပြန်သည်။

တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သော မြန်မာနိုင်ငံသား(၃)ဦးကို မိုင်းဆတ်တောင်ပိုင်း၊ တရုတ်နယ်စပ်မှ(၈)ကီလိုမီတာအကွာ နမ့်ခုတ်မြစ်အရှေ့ဘက်ရှိ မြေရှားသတ္တုတွင်းလုပ်ငန်းတစ်ခုသို့ လူကုန်ကူး၍ အတင်းအကြပ်လုပ်အားစေခိုင်းခြင်းဖြစ်သည်ဟု သတ္တုတွင်းမှထွက်ပြေးလွတ်မြောက်သူ ပြောဆိုချက်ကို ကိုးကားပြီး SHRF က ဖော်ပြသည်။

သတ္တုတွင်းနေရာတွင် နေရာအနှံ့မှအလုပ်လာလုပ်သော မြန်မာနိုင်ငံသား အလုပ်သမား (၁၀၀)ဦးဝန်းကျင်ကို နေရာခွဲချထားသလို UWSA ၏အကျဥ်းသား(၃၀)ဦးကိုလည်း ထိုနေရာတွင်ပင် ဖမ်းဆီးထားသည်ဟု သိရသည်။ 

၎င်းအလုပ်သမား၊ အချုပ်သားများမှာ ကျင်းတူးခြင်း၊ သတ္တုမြေအိတ်သယ်ခြင်း၊ စသည့်အလုပ်ကြမ်းများလုပ်ကိုင်ရပြီး သတ္တုဆေးရောနှောခြင်း၊ သတ္တုသန့်စင်ခြင်းတို့လည်း လုပ်ကိုင်နေရသည်။ ထိုနေရာတစ်ခုလုံးကို UWSA လက်နက်ကိုင်များက လုံခြုံရေးစောင့်ကြပ်သည်ဟု SHRF ၏ ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် လက်နက်ကိုင်များသည် သတ္တုတွင်းမှထွက်ပြေးရန်ကြိုးစားသူများကို ကြိုးတုပ်ရိုက်နှက်ခြင်း၊ သံခြေကျင်းခတ်၍ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် အလုပ်နေရာပြောင်းရွှေ့စောင့်ကြည့်ခြင်းတို့ လုပ်ဆောင်ခြင်းရှိနေသည်။

အဆိုပါလုပ်ငန်းနေရာကို UWSA က ထိန်းချုပ်ထားသော်လည်း အာဏာသိမ်းစစ်အုပ်စုနှင့်အကျိုးစီးပွားမကင်းလွတ်သလို တာချီလိတ်မြို့ပေါ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကိုလည်း စစ်အုပ်စုက လာဘ်ပေးလာဘ်ယူ၍ လည်ပတ်ခွင့်ပေးထားသည်ဟု ရှမ်းပြည်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

“တာချီလိတ်အထွက်ဂိတ်မှာ ကျနော်တို့ကားကိုစစ်တယ်။ ကားရှေ့ခန်းက လူကြီးလို့ထင်တဲ့သူက အဲ့ဒီဂိတ်ကအရာရှိကို အလေးထပြုတယ်။ စကားသွားပြောတယ်။ အဲဒါနဲ့ ဘာမှမစစ်ဘဲလွှတ်ပေးလိုက်တာ။ အဲ့ဒီတော့မှ သူကရဲမှန်းသိတာ။ နောက်ပိုင်း ကျနော် တာချီလိတ်ကိုပြန်ရောက်တဲ့အချိန် သူ့ကို စစ်ဆေးရေးဂိတ်တွေမှာ ခဏခဏတွေ့တယ်။ လူကုန်တားတပ်က ၀င်းကြိုင်တဲ့၊ ရာထူးကတပ်ကြပ်ကြီး။” ဟု သတ္တုတွင်းမှထွက်ပြေးလာသူမှ ၎င်းလူကုန်ကူးခံရစဥ်က အခြေအနေကို ပြောပြသည်။

ထို့အတူ တရုတ်သတ္တုတွင်းလုပ်ငန်းရှင်များနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများ ပူးပေါင်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစည်းမျဥ်းများကို မလိုက်နာဘဲ ရှမ်းပြည်၏မြေယာ၊ သဃံဇာတများကို ထုတ်ယူနေခြင်းက မြစ်ရေညစ်ညမ်းမှုများပါ ဖြစ်ပေါ်နေကြောင်းလည်း SHRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းပြဿနာများကိုဖြေရှင်းရန် စစ်အုပ်စုကိုတောင်းဆိုနေခြင်းထက် သဘာဝသဃံဇာတများကို အကာအကွယ်ပေးပြီး ပြည်သူ့အကျိုးစီးပွားကိုဦးစားပေးမည့် ရွေးကောက်ခံ ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ထိန်းချုပ်မှုအောက် ရောက်ရေးသည်သာ နည်းလမ်းဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြသည်။

August 7, 2026
ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော် (ဖာပွန်) ခရိုင်အတွင်း စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး...
ဓာတ်ပုံ - AKY
August 7, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုကျေးရွာအပါအဝင် ကျေးရွာ အများ...
ဓာတ်ပုံ - AP
August 6, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင်...
ဓာတ်ပုံ - Amarin News (Crd)
August 6, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့် တွေ့ဆုံရန် မြန်မာစစ်အုပ်စု ခေါင်းဆောင်...