လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်၍ မောင်တောက ဒေသခံ ၁,၀၀၀ ခန့် ဘေးလွတ်ရာတိမ်းရှောင်

လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်၍ မောင်တောက ဒေသခံ ၁,၀၀၀ ခန့် ဘေးလွတ်ရာတိမ်းရှောင်
မောင်တောမြောက်ပိုင်းကဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။
မောင်တောမြောက်ပိုင်းကဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ (၁၀) ခန့်မှ ဒေသခံ ၁,၀၀၀ ကျော်မှာ လုံခြုံသည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ဂြစ်ချောင်း၊ ဝက်ကျိန်း၊ ခုံတိုင်၊ သစ်တုံးနားခွဆုံ၊ နန်းရာကိုင်း၊ သမန်းသား၊ မင်္ဂလာညွန့်၊ မင်းခမောင်း စသည့် ကျေးရွာတို့မှ ဒေသခံများမှာ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

“ရွာမှာက ယောက်ျားတွေလောက်ပဲ ကျန်တော့တယ်။ မိန်းမနဲ့ကလေးတွေ အားလုံးနီးပါးက တိမ်းရှောင်သွားကြပြီ။ တချို့မိသားစုတွေက ဗုံးခိုကျင်းတူးပြီး ကျန်ခဲ့တာရှိတယ်” ဟု ဂြစ်ချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဂြစ်ချောင်းကျေးရွာတွင် အိမ်ခြေ ၆၄ ဆောင်၊ လူဦးရေ ၃၀၀ ကျော်ရှိပြီး လက်ရှိတွင် ကျေးရွာသားအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။  

တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသဖြင့် မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလိန်နှင့် ဒုံးပိုက် နယ်ခြားစောင့်စခန်းများကို ရက္ခိုင့်တပ်တော်က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဝင်ရောက်တိုက်ပြီးနောက် ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ စတင်လာခဲ့ပြီး မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား မြို့နယ်တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေသဖြင့် ဒေသခံအချို့မှာ စိုးရိမ်ကြောက်လန့်၍ ထွက်ပြေးနေကြခြင်းဖြစ်သည်။

လူဦးရေ ၃၀၀ ကျော်ရှိသည့် မောင်တောမြို့နယ်၊ ဝက်ကျိန်းကျေးရွာတွင်လည်း ဒေသခံ ၁၀၀ ကျော်မှာ လက်နက်ကြီးကြောင့် အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်၍ လုံခြုံရာသို့ တိမ်းရှောင်နေကြသည်ဟု သိရသည်။

“တိုက်ပွဲဖြစ်ရင် လက်နက်ကြီးတွေကျမှာကို ကြောက်လို့ ထွက်ပြေးနေကြတာ”  ဟု ဝက်ကျိန်းကျေးရွာသား တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက မောင်တောမြို့နယ်၊ ကံပြင်သာစည်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့အား AA ဘက်က လက်နက်ချအညံ့ခံရန် အသိပေးသော်လည်း လက်ခံမှုမရှိသဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိကြောင်း AA က ထုတ်ပြန်သည်။  

အလားတူ မောင်တောမြို့နယ် (၆) မိုင် စစ်ဆေးရေးဂိတ်အနီးတွင်လည်း စစ်ကောင်စီယာဉ်တန်းတစ်ခုကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် ၁၀ မိနစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေသဖြင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

“အခု တိုက်ပွဲဖြစ်နေတာက ငြိမ်နေပြီး လက်နက်ကြီးပစ်သံပဲ ကြားရတယ်။ ရွာထဲမှာ လက်နက်ကြီး ကျလာမှာကို ကြောက်လို့ ဒေသခံတချို့ ထွက်ပြေးနေကြတယ်" ဟု မောင်တော(၄)မိုင်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားသည့် ၂ ရက်တာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၀ ကျော်ထက်မနည်းရှိလာနေသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...