ဆီဆိုင်မြို့ရောက် စစ်ရှောင်များ နေရပ်ပြန်စဉ် မြေမြုပ်မိုင်းနင်းမိ

ဆီဆိုင်မြို့ရောက် စစ်ရှောင်များ နေရပ်ပြန်စဉ် မြေမြုပ်မိုင်းနင်းမိ

သျှမ်းပြည်၊ ဆီဆိုင်မြို့ရောက် စစ်ရှောင်များသည် နေရပ်သို့ ပြန်နေစဉ်အတွင်း လမ်း၌ မြေမြုပ်မိုင်းနင်းမိကာ တစ်ဦးသေ၊ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု စစ်ရှောင်များက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လမှ အောက်တိုဘာလအထိ စစ်ရှောင်ခဲ့သူများသည် မကြာသေးမှီက မူလနေရပ် ဒီးမော့ဆို မြို့နယ်အတွင်းရှိ ကျေးရွာနေအိမ်သို့ ပြန်ပြီး ပစ္စည်းများသွားယူနေစဉ် မြေမြုပ်မိုင်းနင်းမိသောကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ၊ အမျိုးသမီးအပါအဝင် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒီးမော့ဆို စစ်ရှောင် တစ်ဦးက ပြောသည်။

“အရင်တလောတုန်းက အုပ်စုလိုက်နေရပ်ကို ပြန်ကြည့်တယ်။ လူဦးရေအတိအကျနဲ့ ကားနံပါတ်ကို စစ်တပ်ကို အကြောင်းကြားရတယ်။ တချို့လည်း မိုင်းနင်းမိတယ်။ ထော်လာဂျီနဲ့ ပြန်ကြတာ။  မိုင်းနင်းမိတာတော့ နှစ်ခါ၊ သုံးခါ ရှိပြီ။ အမျိုးသား တစ်ယောက်ကတော့ ဆုံးသွားတယ်“ ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်ခဲ့စဉ်က စစ်ရှောင်များ သိုလှောင်ထားသော ဆန်အိတ်များ၊ စပါးများ နှင့် အိမ်သုံးပစ္စည်းများ ကို မယူခဲ့ရသောကြောင့် ယခုကဲ့သို့ တိုက်ပွဲငြိမ်သက်သည့် ကာလအတွင်း စွန့်စားကာ နေရပ်ပြန်ချိန် မြေမြုပ် မိုင်းနင်းမိခြင်း ဖြစ်သည်။

နေရပ်ပြန်သွားသည့် စစ်ရှောင်များ၏ ပြောပြချက်အရ မြေမြုပ်မိုင်းများသည် တောင်ယာစိုက်ခင်း၊ လူသွား လမ်းနှင့် ဘုရားကျောင်းဝန်းထဲတွင် တွေ့ရကြောင်း ဆိုသည်။

ထို့အပြင် ၎င်းတို့၏ နေအိမ်များလည်း ဖောက်ထွင်းခံထားရပြီး အိမ်သုံးပစ္စည်းများ ခိုးယူခံရသည့်အပြင် နေအိမ် ထဲ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် သူခိုးများက ဝင်ရောက်နေထိုင်လျှက်ရှိကြောင်း အသက် ၃၅ နှစ်အရွယ် စစ်ရှောင်တစ်ဦးက ဆက်ပြောသည်။

“သူခိုး၊ ဓားပြတွေတောင် အိမ်ထဲဝင်နေတယ်။ ငါ့အိမ်ကို ငါပြန်လာကြည့်တာ လို့ သူတို့ကိုတောင် ပြောရသေး တယ်။ မီးကြိုးတွေ၊ မီတာပေါက်တွေ၊ ရေစုပ်စက်နားက မော်တာတွေလည်း အကုန်ဖြုတ်ခံထားရတယ်။ အိမ် ဆောက်ဖို့ သစ်တွေတောင်အကုန် ယူသွားတယ်။ တချို့ချန်ထားတဲ့ ဆိုင်ကယ်တွေလည်း တစ်စီးမှမကျန်ဘူး“ ဟု ၎င်း စစ်ရှောင်က ပြောသည်။

အလားတူ စစ်ရှောင်များအား မြေမြုပ်မိုင်းအန္တရာယ်အပြင် စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးပစ်ခတ်မှု များ၊ စစ်ကြောင်းထိုးလှုပ်ရှားမှုများ အချိန်မရွေးဖြစ်လာနိုင်သောကြောင့် နေရပ်ကို ပြန်ပြီး ပစ္စည်းများသွား သယ်ယူခြင်း မလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ တာဝန်ရှိသူများက သတိပေးသည်။

ထို့အပြင် ဆီဆိုင်မြို့နယ်တွင်း တိုက်ပွဲကြောင့် ၂ နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ရှောင်များ လည်း ရှိနေပြီး အဆိုပါ စစ်ရှောင်များမှာ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့နှင့် လွိုင်ကော် စသည့်မြို့မှ စစ်ရှောင်ဦးရေ ၆ ထောင်ကျော် ရှိသည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...