လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဝေဖန်ပြောဆိုသူ တစ်လအတွင်း အရပ်သား ၃၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဝေဖန်ပြောဆိုသူ တစ်လအတွင်း အရပ်သား ၃၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ
Credit ( လူမှုကွန်ရက်)
Credit ( လူမှုကွန်ရက်)

စက်တင်ဘာလအတွင်း စစ်ကောင်စီကို လှုမှုကွန်ရက် စာမျက်နှာပေါ်မှတစ်ဆင့် ဝေဖန်သူ အရပ်သား ၃၀ ကျော် ကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီ ထုတ်ပြန်သည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည်ဟု စွပ်စွဲချက်ဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင် ဘာလ ၂၅ ရက်အထိ (တစ်လနီးပါး) အတွင်း တိုင်းနှင့် ပြည်နယ်အသီးသီးမှ အရပ်သား ၃၅ ဦးခန့်ကို စစ်ကောင်စီ မှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဖမ်းဆီးခံရသူများသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် စသည့် တိုင်းနှင့်ပြည်နယ်များဖြစ်ကြကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာ၌ ရေးသားဖော်ပြထားသည်။

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်နေ့က ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ၌ နှင်းဆီပန်း ပုံတင်ခဲ့ရာမှ နောက်ပိုင်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး လက်ရှိအချိန်ထိ ၂ လ ကျော်ကြာပြီဖြစ်ပေမဲ့ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ၎င်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ပန်းပုံတင်တာကို အကြောင်းပြပြီး ဖမ်းတာပဲ။ သူက နိုင်ငံရေးနဲ့ ကင်းတယ်။ ဘာနဲ့အမြင်ကပ်ပြီး အဆော်ခံရမှန်း မသိဘူး။ အခုတော့ နှစ်ပတ်တစ်ခါ ရုံးထုတ်လိုက်၊ အချုပ်ထဲ ပြန်ထည့်လိုက် လုပ်နေတယ်“ ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ ညောင်ရွှေမြို့နယ် နန်းပန်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး နှစ်ပတ်တစ်ကြိမ် ရုံးထုတ်စစ်ဆေး သော်လည်း အမှုဖွင့် တရားစွဲဆိုခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လုပ်ဆောင်သူ များကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ – က နှင့် ပုဒ်မ ၅၀၅ – က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃-က နှင့် တည်ဆဲ ဉပဒေများအရ အရေးယူခံရ မည်ဟု ရေးသားဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ ဝါဒဖြန့် တယ်ရီဂရမ်တွင် နိုင်ငံရေး၊ စစ်ရေး နှင့် ပတ်သက်သူများအပြင် အမြင် မကြည် သူများကို နာမည် နှင့် နေရပ်လိပ်စာ ဖော်ပြပြီး သက်ဆိုင်ရာ မြို့နယ်မှ ရဲတပ်ဖွဲ့နှင့် စစ်သားများကို လိုက်လံ ဖမ်းဆီးခိုင်းလျက်ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသူ (၂၄,၈၃၂) ရှိပြီး ထိန်းသိမ်းခံရသူ (၁၉,၂၆၀) ရှိကာ သတ်ဖြတ်ခံရသူ (၄,၁၀၀) ရှိခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ စက်တင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...