ရှင်ဗွေယန် - နန်းယွန်းကြား ကားလမ်းမြေပြိုမှုကြောင့် နန်းယွန်းမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်

ရှင်ဗွေယန် - နန်းယွန်းကြား ကားလမ်းမြေပြိုမှုကြောင့် နန်းယွန်းမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်

ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်ကြားက လီဒိုကားလမ်းပိုင်း တစ်နေရာမှာ မြေပြိုမှုဖြစ်သွားတာကြောင့် လက်ရှိ အသွားအလာ ပြတ်တောက်နေတဲ့အတွက် နန်းယွန်းမြို့မှာတော့ ကုန်စျေး နှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၄ ရက်နေ့တုန်းက ကားလမ်းမြေပြိုမှု ဖြစ်ပွားခဲ့တဲ့ ရှင်ဗွေယန်မြို့နဲ့ ၅မိုင်အကွာ(ဒေသအခေါ် ၅ မိုင် တံတား) အနီးက မြေပြိုကျခဲ့တဲ့နေရာမှာ ဇူလိုင် ၉ ရက်နေ့တုန်းက ထပ်ပြိုကျတာကြောင့် လတ်တလော ကုန် တင်ကား၊ အိမ်စီးကား၊ ဆိုင်ကယ် သွားလာလို့ မရဖြစ်နေပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာကြောင့် ဖြစ်တယ် လို့ နန်းယွန်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကို အခုလိုပြောပါတယ်။

“ကုန်ကားတွေကတက်လာလို့မရတော့ ဒီဘက်ကို လောလောဆယ် ကုန်စျေးနှုန်းတွေတော့တက်နေတယ်။ ဆန် စျေးကတော့ ၁သိန်းခွဲထိ တက်တယ် ဓာတ်ဆီကတော့တစ်ဂါလံကို ၂၅၀၀၀ အထိဖြစ်နေပြီ” လို့ ပြောပါတယ်။

နန်းယွန်းမှာ အရင်က ကြက်သွန်နီ၊ ကြက်သွန်ဖြူ တစ်ပိဿာစျေး ကျပ် ၃၅၀၀၊ ၄၀၀၀ ကနေ လက်ရှိ တစ်ပိဿာ ၆၀၀၀၊ ၇၀၀၀ လောက်အထိ စျေးတက်နေပြီ တစ်ခြားလူသုံးကုန်နဲ့ စားသောက်ကုန်တွေလည်း အဆမတန် စျေး တွေ မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကားလမ်းမြေပြိုမှုဟာ လမ်းအရှည်ပေ ၁၀၀ နီးပါးနဲ့ အနက်ပေ ၈၀ နီးပါး ပြိုကျသွားတာဖြစ်ပြီး လက်ရှိ အသွားအလာ ပြတ်တောက်ပြီး အရေးပေါ် သွားလာလိုတဲ့သူတွေ အတွက်တော့ ခက်ခက်ခဲခဲ သွားလာနေရ တယ် လို့ အသက် ၄၀ အရွယ်ရှိတဲ့ နန်းယွန်းဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ခရီးသည်တွေကတော့ ဖြတ်လို့တော့ မရဘူးဗျ။ ဆိုင်ကယ်ကတော့ ဆွဲတင်ရတယ် အဲ့ဒီနေရာမှာတော့။ ပြိုထား တာလည်း တော်တော်လည်း နက်တယ်ပြောကြတယ်။ သွားဖို့လာဖို့ကတော့ မလွယ်ဘူး” လို့ ပြောပါတယ်။

လက်ရှိ ပြိုကျသွားတဲ့ နေရာကို တံတားထိုးဖို့ တာဝန်ရှိသူတွေက စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး အချိန်ယူ လုပ် ဆောင်ရမှာ ဖြစ်တဲ့အတွက် ခရီးသည်ကား၊ ကုန်ကားတွေ ရက်ရှည် ရပ်တန့်နိုင်ပြီး နန်းယွန်း၊ ပန်ဆောင်ဒေသခံ တွေ ကုန်ပစ္စည်း ပြတ်လပ်မှုတွေ ကြုံတွေ့ရနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

မိုင်ပေါင်း ၃၀ ကျော်ဝေးတဲ့ ရှင်ဗွေယန် - နန်းယွန်း ကားလမ်းပိုင်းဟာ ဒုတိယ ကမ္ဘာစစ် ခေတ်တုန်းက အင်္ဂလိပ် အစိုးရက လုပ်ထားတဲ့ လမ်းဖြစ်ပြီး မြန်မာလအစိုးရ ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းမှု အားနည်းတာ ကြောင့် မိုးရာသီကာလမှာ ပုံမှန် ကားလမ်း မြေပြိုကျမှု ဖြစ်တတ်တယ်လို့ ဆိုကြပါတယ်။

သို့ပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပိုမိုဆိုးရွားလာနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...