ကန့်ဘလူတွင် တစ်လအတွင်း ကျေးရွာ ၁၇ ရွာမီးရှို့ခံရသည့်အပြင် အရပ်သား ၃ ဦး သေဆုံး

ကန့်ဘလူတွင် တစ်လအတွင်း ကျေးရွာ ၁၇ ရွာမီးရှို့ခံရသည့်အပြင် အရပ်သား ၃ ဦး သေဆုံး
ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်တွင် နေအိမ်များ မီးရှို့ဖျက်ခံရ
ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်တွင် နေအိမ်များ မီးရှို့ဖျက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်တွင် မေလတစ်လအတွင်း ကျေးရွာ ၁၇ ရွာမှ နေအိမ် ၆၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံအမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၂ ဦး အသတ်ခံလိုက်ရသည်။

မီးရှို့ခံရသည့် နေအိမ် ၆၅၃ လုံးအနက် မေလ ၂၀ ရက်နေ့ ကန့်ဘလူမြို့နယ် ဖုတ်ကုန်းကျေးရွာရှိ နေအိမ် ၃၈၀ ကျော်မီးရှို့ခံရမှုသည် အများဆုံးဖြစ်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

“စစ်ကြောင်းထိုးလို့ ပြေးရတဲ့ရွာက ၂၀ အနည်းဆုံးရှိတယ်။ အမြဲတမ်းရှောင်နေရတာကတော့ ၂၄ ရွာထက် မနည်း ပါဘူး။ မီးရှို့ခံရတာက ရွာပေါင်း ၁၇ ရွာပါ။ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံးတယ်။ နောက် အမျိုးသားနှစ်ဦးကတော့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။ စစ်ဘေးရှောင်ပြည်သူ ၅ သောင်းကျော်ရှိ လာပြီ” ဟု ပြောသည်။

လက်နက်ကြီးထိမှန် သေဆုံးခဲ့သူအမျိုးသမီးမှာ ထိန်တောရွာမှအသက်၂၆ နှစ်အရွယ်ဖြစ်ပြီး၊ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရသူ အမျိုးသားနှစ်ဦးမှာ ရွာသစ်ကုန်းရွာမှ ၂၇ နှစ်အရွယ် အမျိုးသားနှင့် သရက္ကံကျေးရွာမှ အသက် ၅၀ နှစ် အရွယ် စိတ်ကျန်းမာရေး မကောင်းသူတို့ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသောကျေးရွာ ၁၇ ရွာမှာ ဖိုလ်ကုန်း၊ ထောက်ရှာအိုင်၊ ခအုံးတော၊ မကျီးကုန်း၊ ဆူးတပ်၊ ဖုတ် ကုန်း၊ သိုးဘိုး နှင့် ချင်မြစ်ကျေးရွာ၊ သရက်ခေါင်း၊ ဖလံချိုင်၊ ညောင်ပေါင်းရင်း၊ ဉာဏ်အင်း၊ကုက္ကိုကုန်း၊ သံပုရာ ပင်စု၊ လွှတ်တိုက်၊ဆွဲလှဲ၊ မဒေါင်း စသည့်ကျေးရွာများ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ် ခမရ–၃၆၁၊ ခမရ–၃၆၈၊ ကန့်ဘလူ ၆၀၀၆ အမြှောက်တပ်နှင့် ပျူစောထီး များက ကျေးရွာများကို နေ့စဉ် စစ်ကြောင်းထိုးနေသောကြောင့် စစ်ရှောင်ဦးရေပိုမိုများပြားလာသော်လည်း မြေ ပြင်တွင် ကူညီပေးနေသူများ မရှိသောကြောင့် အရေးပေါ်အကူညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ယခုကဲ့သို့ ဆက်ပြောသည်။

“စစ်ရှောင်ဦးရေက အင်မတန်မှ များလာတယ်။ မြေပြင်မှာက စစ်ရှောင်ကူညီနေသူက မရှိသလောက်ပဲ။ ဒါ့ ကြောင့် စစ်ဘေးရှောင်တွေက အခြေခံစားသောက်ကုန်၊ မိုးကာ၊ အခြေခံဆေးဝါးပေါ့နော် သာမန်ဖျားတာ နာ တာ ဝမ်းပျက်ဝမ်းလျှော အတွက်ပေါ့။ နောက်တစ်ခုက မြွေဆိပ်ဖြေဆေးပေါ့ အဲ့တာတွေကတော့ အရေးပေါ် လိုအပ်တာတွေပါ” ဟု ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလတွင်လည်း ကန့်ဘလူခရိုင်အတွင်း ကျေးရွာပေါင်း ၁၁ ရွာမှ နေအိမ် ၃၈၀ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ကာ ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် နေအိမ် ၇ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အများဆုံးမှာ စစ်ကိုင်းတိုင်းထဲက ဖြစ်သည်ဟု Data For Myanmar ၏ စာရင်းကဆိုသည်။

စစ်ကိုင်းတိုင်းက နေအိမ် ၅ သောင်းကျော် မီးရှို့ဖျက်ဆီးခံထားရသည်ဟု Data For Myanmar က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...