ဒုံသမိချောင်းတံတား စစ်ဆေးရေးဂိတ် ၂ ခု တပြိုင်တည်းတိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင် (၃၀) ကျော်သေဆုံး

ဒုံသမိချောင်းတံတား စစ်ဆေးရေးဂိတ် ၂ ခု တပြိုင်တည်းတိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင် (၃၀) ကျော်သေဆုံး

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဖားအံမြို့နှင့် သထုံမြို့အစပ်၊ ဒူးရင်း ဆိပ်ကျေးရွာ ဒုံသမိချောင်းတံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် စခန်းနှစ်ခုအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များက တပြိုင်တည်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ဘက်နှင့် ရဲဘက်ဆိုင်ရာ အရာရှိများအပါအဝင် စုစုပေါင်း (၃၂) ဦးသေဆုံးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ဇွန်လ (၁) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများအပြင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူ သတင်းအရင်း အမြစ်က ပြောသည်။

ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းက ဒုံသမိချောင်း တံတားထိပ် (သထုံဘက်ခြမ်း) ရှိ စစ်ဆေးရေးဂိတ်သို့ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်မ (၂၂) မှ ဗိုလ်ကြီးမိုးမင်း၊ ဒုရဲမှူး သီဟဇော်၊ တပ်ကြပ် စိုးညွှန့်ဝင်း၊ တပ်ကြပ်ကျော်ရဲအောင်၊ တပ်ကြပ် ချစ်ဦးသူ၊ တပ်ကြပ်အောင်ရဲနိုင်နှင့် တပ်ကြပ် ခွန်ဥက္ကာစိုးတို့(၇)ဦး သေဆုံးခဲ့သည်။

အလားတူ ဖားအံဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်သို့ ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ (၂၅) ဦးရှိပြီး ဂိတ်စခန်းနှစ်ခု စုစုပေါင်း (၃၂) ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ၏ သထုံခရိုင် မိတ်ဖက် ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က အတည်ပြုပြောသည်။

ထို့အပြင် G3 နှစ်လက်၊ MA တစ်လက်၊ AKP စက်ကလေး တစ်လက်၊ ၉ မမ အူစီကာ တစ်လက် နှင့်အတူ ကျည် တောင့် ၅၂၀ တောင့်အပြင် ဖုန်းနှစ်လုံးလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ ဘက်မှ တပ်ဖွဲ့ဝင် (၂) ဦးကျဆုံး၍ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

၎င်းက “စစ်ဆေးရေးဂိတ်စခန်းနှစ်ခုလုံးကို KNLA ပူးပေါင်းတပ်ဖွဲ့က တပြိုင်တည်း ဝင်တိုက်တာပါ။ ဖားအံ ဘက်ခြမ်းက ဂိတ်ကိုဝင်တိုက်တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၇) ယောက်မှာ တစ်ယောက်က ပေါင် ကျိုးသွားတယ်။ တစ်ယောက်လွတ်တယ်၊ ကျန်တဲ့ (၂၅) ယောက်လုံး သေပါတယ်။ ကျနော်တို့ရဲဘော် နှစ် ယောက်လည်း ကျသွားတယ်။ တစ်ယောက်က ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားစဥ် သထုံခရိုင် အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ ရာ ဒူးရင်းဆိပ်ကျေးရွာနှင့် အနီးအနားကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒူးရင်း ဆိပ်ကျေးရွာနေ အမျိုး သမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သလို အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့သည်ဟု  ဒေသခံများက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားစဥ် ခရီးသွားပြည်သူ (၃) ဦး ကျည်ထိမှန် သေဆုံးခဲ့သလို လက်နက်ကြီး ကျရောက်မှု ကြောင့် ဒူးရင်းဆိပ်ကျေးရွာ ဆေးပေးခန်း ပျက်စီးခဲ့ကြောင်းလည်း ဒေသတွင်းမီဒီယာအချို့တွင် ဖော်ပြထား သည်။

အလားတူ မေလ (၃၁) ရက်နေ့ကလည်း ကျိုက်ထိုမြို့နှင့်ဘီးလင်းမြို့အစပ်ရှိ စစ်ကောင်စီ၏ သံတံတား စစ်ဆေး ရေးဂိတ်စခန်းသို့ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဓါတ်ပုံ - KNU

Most read this week

ဓာတ်ပုံ - CJ
August 21, 2026
သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-...
(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...