ဖားကန့်တွင် စစ်တပ် ဗိုလ်မှူးတစ်ဦးအပါ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လူငယ် ၂ ဦးကို ပစ်သတ်

ဖားကန့်တွင် စစ်တပ် ဗိုလ်မှူးတစ်ဦးအပါ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လူငယ် ၂ ဦးကို ပစ်သတ်

ဖားကန့်တွင် စစ်ကောင်စီတပ် ဗိုလ်မှူးအဆင့်ရှိသူနှင့် လုပ်ငန်းရှင်များ ဧပြီလ ၂၃ ရက်နေ့  ပစ်သတ်ခံခဲ့ရသော Happy KTV ရှေ့တွင် ယနေ့ နံနက်တွင် စစ်ကောင်စီတပ်များက လူငယ် ၂ ဦးကို ဖမ်းခေါ်လာပြီး ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ပစ်သတ်ခံရသော လူငယ် ၂ ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဖားကန့်မြို့ လုံးခင်းကျေးရွာအတွင်း ညအချိန် စစ်ကောင်စီတပ်ဖွဲ့ လှည့်ကင်းချိန်နှင့်ကြုံသဖြင့် ဖမ်းဆီးခံထားရသူများဖြစ်သည်ဟု အလောင်းကို မျက်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က ဖြစ်သွားတဲ့ KTV အပေါက်ဝ ရှေ့တည့်တည့်မှာ အဲ့အလောင်းနှစ်လောင်းကို ပစ်ထားတာ။ ခေါင်းတွေပွင့်ထွက်အောင် သေနတ်နဲ့ပစ်ထားတာ အလောင်းကိုဘယ်ချိန်လာပစ်ချသွားလဲမသိဘူး။ မနက်အစောကြီး ၄ နာရီလောက်ကတည်းက ရောက်နေပြီ။ အဲ့တာနဲ့ အလောင်းကတော့ နာရေးကူညီမှုအသင်းတွေက ကောက်သွားတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ပစ်သတ်သွားသည့် လူငယ် ၂ ဦးသည် အသက် ၂၀ ကျော်အရွယ်ရှိကြသော လူငယ်များဖြစ်ကြပြီး အောင်ကြည်မင်း ဆိုသူနှင့်ကျန်တစ်ဦးမှာ ကချင်လူမျိုးဖြစ်ပြီး အမည်ကို စုံစမ်းနေဆဲ ဖြစ်သည်။

ဧပြီလ ၂၃ ရက်နေ့ မနက် ဖားကန့် Happy KTV တွင် ဖားကန့်သို့ အသစ်ပြောင်းလာသည့် ဖားကန့် ဗျူဟာကုန်းမှ ဗိုလ်မှူးဇော်မောင် နှင့် လုပ်ငန်းရှင်များ ၂ ဦးပစ်သတ်ခံရမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း စစ်ကောင်စီဘက်မှ ပြန်လည် လက်တုံ့ပြန်သည့်အနေဖြင့် ယခင်က ဖမ်းဆီးထားသော လူငယ် ၂ ဦးကို ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟုလည်း ဒေသခံအများစုက သုံးသပ်ပြောဆိုသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်တုံ့ပြန်သည့် လုပ်ရပ်မျိုး မကြာခဏပြုလုပ်လျက်ရှိပြီး ပြီးခဲ့သော လပိုင်းများတွင်လည်း စဗျစ်ခူးကျေးရွာအနီး  စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရသဖြင့် အထိနာခဲ့သောကြောင့် စဗျစ်ခူးရွာသား ၁၀၀ နီးပါးကို ဖမ်းဆီးမှုများရှိခဲ့သည်။

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...