ကလေးမြို့တွင် တော်လှန်သင်္ကြန်ဆန္ဒပြသူ ၄ ဦးနှင့် မိသားစုဝင်တချို့ကိုပါ စစ်ကောင်စီက ဖမ်းဆီး

ကလေးမြို့တွင် တော်လှန်သင်္ကြန်ဆန္ဒပြသူ ၄ ဦးနှင့် မိသားစုဝင်တချို့ကိုပါ စစ်ကောင်စီက ဖမ်းဆီး

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်တွင် စစ်ကောင်စီကိုဆန့်ကျင်သော တော်လှန်သင်္ကြန် ဆန္ဒဖော်ထုတ်ခဲ့သူ ၄ ဦးကို ဧပြီလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့မိသားစုဝင်တချိူ့ကိုပါ နေအိမ်အထိလိုက်လံဖမ်းဆီးခဲ့သည်ဟု စုံစမ်း သိရှိရသည်။

ကလေးမြို့ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ တံတာဦးတွင် ဧပြီလ ၁၆ ရက်နေ့မွန်းလွဲပိုင်း ၂ နာရီခန့်တွင် တော်လှန်သင်္ကြန် လျှပ်တပြတ် ဆန္ဒဖော်ထုတ်ခဲ့သူများအနက် ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံနှင့် ကိုမျိုးကိုဝင်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးခဲ့သည်။

အဖမ်းခံရသူများအနက် ကလေးမြို့မွန်းလိုင်ရပ်ကွက်တွင် နေထိုင်သော မကျိန်ဒွန့်ကိမ်၏နေအိမ်ကို ယင်းနေ့ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များကားဖြင့် ရောက်ရှိလာကြပြီး နေအိမ်မှာရှိနေသော အသက် ၆၀ အရွယ် နာမကျန်းမိခင်ဖြစ်သူနှင့် တူမတော်စပ်သူ မကြားမပြော မသန်စွမ်း အမျိုးသမီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ်ကိုလည်း ချိတ်ပိတ်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“သူတို့နေအိမ်မှာ အမျိုးသမီးတွေပဲရှိတာ ဖခင်ဖြစ်သူနဲ့ အကိုဖြစ်သူက တခြားအရပ်မှာ မိသားစု စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေကြတာအိမ်မှာ အမေဖြစ်သူကလဲ နာမကျန်းဖြစ်ပြီး ခြေထောက်တစ်ဖက် အားနည်းသူဖြစ်တယ်၊ နောက် သူ့အကိုရဲ့သမီးဖြစ်သူက စကားမပြောတတ်ဘူး သူတို့ဆီနေနေတာ စစ်ကောင်စီက အိမ်မှာရှိတဲ့သူအားလုံး ဖမ်းခေါ်သွားကြတာ အခုထိ အိမ်ပြန်မရောက်သေးဘူး။” ဟု ၎င်းတို့နှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များက မည်သည့်ကိစ္စကြောင့် မကျိန်ဒွန့်ကိမ်၏ မိခင်ဖြစ်သူနှင့် တူမ မသန်စွမ်းအမျိုးသမီးတို့အား ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ မသိရပဲ ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသောကြောင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြကြောင်း သူက ဆက်ပြောသည်။

ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့သည် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အတက်နေ့ဖြစ်ပြီး ကလေးမြို့တွင် စစ်အုပ်ချုပ်ရေးအား မလိုလားကြောင်း ပြသခဲ့ကြသော လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့က ကားဖြင့် လိုက်လံဖြိုခွင်းကာ ၄ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...