ပုလဲတွင် PDF စခန်းတစ်ခု စီးနင်းခံရကာ ရဲဘော်တစ်ချို့နှင့် အဆက်အသွယ် ပြတ်နေ

ပုလဲတွင် PDF စခန်းတစ်ခု စီးနင်းခံရကာ ရဲဘော်တစ်ချို့နှင့် အဆက်အသွယ် ပြတ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပန်းရွာအနီးရှိ M-7 PDF စခန်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီးနောက် PDF ရဲဘော်တစ်ချို့နှင့် အဆက်အသွယ်ပြတ်တောက်နေသည်ဟု Pale Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖြစ်စဉ်မှာ ယမန်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် Mi-35 ရဟတ်ယာဉ်ဖြင့် စခန်းတစ်ဝှိုက်ကို ရုတ်တရက်စီးနင်းပစ်ခတ်ခဲ့ပြီး အင်အားလေးခေါက်ချကာ စခန်းကို စီးနင်းမီးရှို့သွားခဲ့ခြင်းဖြစ်သည်ဟု Pale Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူတို့အင်အား ၁၀၀ ဝန်းကျင်လောက်ချသွားတယ်။ စခန်းလည်းမီးရှို့ခံခဲ့ရတယ် တပ်သားအချို့နဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်။ ဝေဟင်ကပစ်တာထိရင်တော့ သူတို့ဖမ်းဆီးခံရနိုင်တယ် ပွန်းပဲ့ဒဏ်ရာတစ်ချို့နဲ့ ၇ ဦးတော့ လွတ်မြောက်လာပါတယ်“ ဟု Pale Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရဲဘော်အချို့သာ စခန်းတွင်းကျန်ရှိနေစဉ် စီးနင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဆုံးရှုံးမှုပမာဏများနိုင်သည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီဘက်က စခန်းတည်နေရာကို တိတိကျကျ သတင်းရရှိကာ လာရောက်ပစ်ခတ်ခဲ့သဖြင့် သတင်းပေးဒလန်များကြောင့် ဖြစ်နိုင်သည်ဟု ပုလဲ ပကဖအဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“ဒီစခန်းက ရွာနဲ့အခြေပြု မထားတဲ့စခန်း အဲ့တာကြောင့် တော်ရုံတန်ရုံမသိနိုင်ဘူး သူတို့ဘက်က သုံးသပ်တာကတော့ သတင်းပေး ဒလန်ကြောင့်လို့ပြောတယ်။ ပြေးလို့လွှတ်မြောက်လာတဲ့ သူတွေပြောကြားချက်အရတော့ ကျနော်တို့စခန်းက ဒီနေရာပါလို့ လက်ညိုးထိုးပြီး ပစ်ခိုင်းသလိုပဲ ခေါင်းကိုမဖော်နိုင်ပဲ ပြေးခဲ့ရတာလို့ပြောတယ်” ဟု ပုလဲ ပကဖအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စီးနင်းခံခဲ့ရသည့်စခန်းသည် ပုလဲမြို့နယ်မြောက်ဘက်ခြမ်း ပုလဲမြို့ပေါ် နှင့် ၈ မိုင်အကွာခန့်တွင် တည်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ပုလဲမြို့နယ်ကို စစ်ကောင်စီက အင်အား ၂၀၀ ကျော်ဖြင့် တောင်နှင့် မြောက်စစ်ကြောင်းနှစ်ခုခွဲကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး တောင်ဘက်ခြမ်းက ပန်းရွာ၊ နွားကူ နှင့် တနယ်ရွာက ဒေသခံ ၈ ထောင်ကျော် စစ်ဘေးရှောင်နေရသလို ပုလဲမြောက်ဘက်ခြမ်းက ကျေးရွာ ၁၀ ရွာ ထက်မနည်းက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

April 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး...
April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...