ရခိုင်အမျိုးသားပါတီက ပြည်နယ်အဆင့်တွင် ဝင်ပြိုင်ရန် ပါတီမှတ်ပုံတင်မည်

ရခိုင်အမျိုးသားပါတီက ပြည်နယ်အဆင့်တွင် ဝင်ပြိုင်ရန် ပါတီမှတ်ပုံတင်မည်
၂၀၂၀ ရွေးကောက်ပွဲတုန်းက ANP ပါတီ၏ မဲဆွယ်စည်းရုံးရေးမြင်ကွင်း။
၂၀၂၀ ရွေးကောက်ပွဲတုန်းက ANP ပါတီ၏ မဲဆွယ်စည်းရုံးရေးမြင်ကွင်း။

ရခိုင်ပြည်ရှိ ရခိုင်လူမျိုးများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပါတီကို မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

မြို့နယ်ကော်မတီ၏ သဘောထားနှင့် ဗဟိုကော်မတီဝင်များ၏ သဘောထား ဆုံးဖြတ်ချက်အရ မတ်လ နောက်ဆုံးအပတ်တွင် ရခိုင်အမျိုးသားပါတီ(ANP)ကို မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရခိုင်အမျိုးသားပါတီဟာ အမျိုးသားနိုင်ငံရေးအတွက် ထောင်ထားတဲ့ ပါတီဖြစ်တယ်။ အဲဒါကြောင့် ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်ကို ကိုယ်စားပြုတဲ့၊ ရခိုင်လူမျိုးတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို သက်တမ်းတိုး လုပ်ဆောင်သွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်”ဟု ပါတီ ဥက္ကဌ ဦးသာထွန်းလှက ဆိုသည်။

ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီများအနေဖြင့် တစ်နိုင်ငံလုံးတွင် ဝင်ပြိုင်မည့်ပါတီများမှာ သိန်း(၁,၀၀၀)ရန်ပုံငွေနှင့် တိုင်းနှင့်ပြည်နယ်များတွင် ဝင်ပြိုင်မည့် ပါတီများမှာ ရန်ပုံငွေ သိန်း(၁၀၀)ရှိရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်တွင်ဖော်ပြသည်။

ANP ပါတီအနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ရခိုင်တိုင်းရင်းသားများ ရှိသည့် တိုင်းနှင့်ပြည်နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ယခု စစ်ကောင်စီကပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် ပြည်နယ်အဆင့်၌သာ ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ရခိုင်အမျိုးသားပါတီဟာ အရင်ရွေးကောက်ပွဲတွေမှာဆိုရင် ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးဖို့အတွက် မှတ်ပုံတင်တဲ့ပါတီဖြစ်တယ်။ ဒါပေမဲ့ လက်ရှိဥပဒေရဲ့ ကန့်သတ်ချက်တွေအရ ပြည်ထောင်စု တစ်ဝန်းလုံးအတွက် မှတ်ပုံတင်ဖို့က ငွေရေးကြေးရေးကအစ အလွန်တရာ အခက်အခဲရှိသွားတယ်။ အဲဒါကြောင့် ပြည်နယ်အဆင့် ဝင်ပြိုင်ဖို့အတွက်ပဲ မှတ်ပုံတင်သွားမယ်”ဟု ဦးသာထွန်းလှကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ANP ပါတီက ပြည်နယ်လွှတ်တော်တွင် ၇ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၄ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ၄ နေရာ၊ စုစုပေါင်း ၁၅ နေရာတွင် အနိုင်ရရှိခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၃၅ နေရာအနက် ၂၂ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာနှင့် ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ၁ နေရာ စုစုပေါင်း ၄၅ ဖြင့် ANP ပါတီသည် တစ်နိုင်ငံလုံးတွင် တတိယအများဆုံး အနိုင်ရရှိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် ရခိုင်မှ နိုင်ငံရေးပါတီ(၃)ခု ထဲတွင် ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့ ဖြစ်ကြသည်။

တစ်နိုင်ငံလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မတ်လ ၁၈ ရက်နေ့အထိ မှတ်ပုံတင်သည့် နိုင်ငံရေးပါတီပေါင်း ၂၉ ခုရှိသည်။ ယင်းအထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီ ၇ ခုနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းလုံးမည့် ပါတီ ၂၂ ခုရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် လာမည့်ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(First Past the Post – FPTP)စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR)ဖြင့် ပြုလုပ်မည်ဟု ပြောဆိုထားသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...