သတ်ဖြတ် ရောင်းချခွင့် တားမြစ်ထားသည့် လိပ်/ဥများကို ရခိုင်က ဈေးကွက်အချို့၌ တွင်ကျယ်စွာ ရောင်းချမှုများရှိလာ

သတ်ဖြတ် ရောင်းချခွင့် တားမြစ်ထားသည့် လိပ်/ဥများကို ရခိုင်က ဈေးကွက်အချို့၌ တွင်ကျယ်စွာ ရောင်းချမှုများရှိလာ

မျိုးတုန်းမည့်အရေးနှင့် ရင်ဆိုင်နေရသည့် ပင်လယ်လိပ်များကို သတ်ဖြတ်ရောင်းချခွင့် တားမြစ်ထားသော်လည်း ရခိုင်ပြည်တွင်းရှိ ဈေးကွက်အချို့တွင် လိပ်နှင့် လိပ်ဥများကို တွင်ကျယ်စွာ ရောင်းချမှုများရှိလာကြောင်း သိရသည်။

လိပ်နှင့် လိပ်ဥများ ရောင်းချခြင်းကို ယခင်က ထင်ထင်ရှားရှား မတွေ့ရသော်လည်း လက်ရှိတွင် လိပ်ဥများကို တရားဝင်ပုံစံမျိုးကဲ့သို့ မြို့မဈေးကြီးတွင် ရောင်းချမှုများရှိလာနေသည်ဟု မောင်တောမြို့မှ မသန်းရီက ပြောသည်။

“ဈေးမှာ ရောင်းချနေတာတွေကို တွေ့နေရတယ်။ ဟိုနေ့က ဈေးသွားတုန်းကလည်း တွေ့ခဲ့သေးတယ်။ ပြင်သာ လိပ် ၃ ဥကို တစ်သောင်းနဲ့ ရောင်းနေတယ်။ လုံးဝကို တရားဝင်လိုမျိုး ရောင်းချနေတာ။ ကျမတို့ အရင်တုန်းက ဆိုရင် လိပ်ဥတွေကို မရှိဆင်းရဲသားတွေက ရှာတွေ့ခဲ့ရင်တောင် လူမသိအောင် တိတ်တိတ်လေး ရောင်းချကြတာ ကို မြင်ဖူးခဲ့တယ်။ အခုက လုံးဝတရားဝင်လိုမျိုးပဲ”ဟု သူမကပြောသည်။

စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ စသည့်မြို့နယ်တို့တွင် လိပ်နှင့် လိပ်ဥများကို မြို့နယ်အလိုက်ဈေးနှုန်းများဖြင့်  ဈေးကွက်အတွင်းရောင်းချမှုများ ရှိလာနေသည့်အပြင် လိပ်ဥများကို အွန်လိုင်းမှတစ်ဆင့် ရောင်းချမှုများကို ယခုရက်ပိုင်းတွင် တွေ့မြင်လာရသည်။

လိပ်ဥများကို စစ်တွေမြို့က ရပ်ကွက်ဈေးများမှာတောင် ရောင်းချနေသည်ကို မြင်တွေ့နေရသည်ဟု အိုးတန်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

“အခုက ရောင်းချလာသူတွေ များလာတယ်။ မနှစ်ကဆိုရင် မြို့မဈေးကြီးမှာပဲ တွေ့ခဲ့တယ်။ ဒီနှစ်က ရပ်ကွက်ဈေးတွေမှာတောင် တွေ့လာရတယ်။ အရင်က လိပ်ဥတစ်ဥကို ဈေး သုံးထောင့်ငါးရာ၊ လေးထောင်လောက် ရှိတယ်။ အခုက ရောင်းချသူတွေများလာတော့ ဈေးလည်း လျော့နည်းလာတယ်။ ဈေးနည်းနည်းနဲ့ရတော့ ဝယ်သူတွေကလည်း များများစားစား ဝယ်လာကြတယ်”ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့ ဒေသခံတစ်ဦးကလည်း “ပြီးခဲ့တဲ့ လကုန်ပိုင်းက ဈေးမှာ လိပ်သားရောင်းနေတာ။ လိပ် အခေါင်းကို ဖြတ်ထားတယ်။ ကျနော်ဆိုရင် အသားတွေတောင် တဆတ်ဆတ်တုန်တယ်။ ရောင်းနေတဲ့သူကိုလည်း လိပ်တွေကို ဖမ်းဆီးခွင့်၊ ဝယ်ယူရောင်းချခွင့် မရှိဘူးဆိုတာကို သွားမပြောရဲတော့ မပြောခဲ့ဘူး။ ပိဿလိုက်ဈေးနဲ့ ရောင်းနေကြတာ”ဟု ပြောသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ အမိန့်ကြေငြာစာအမှတ်- ၆၉၀/၂၀၂၀ အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၅၇၇)မျိုး၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၉၁၄)မျိုးရှိပြီး လိပ်များမှာ လုံးဝကာကွယ်ထားသည့် တိရစ္ဆာန်များထဲတွင် ပါဝင်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ အများဆုံး ဆယ်နှစ်အထိချမှတ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် လိပ်နှင့် လိပ်ဥများကို ဈေးကွက်အတွင်း တွင်ကျယ်စွာ ရောင်းချမှုများရှိလာခြင်းမှာ အာဏာပိုင်များက အသိပညာပေးမှု နည်းပါးခြင်း၊ ဥပဒေအရကိုင်တွယ်မှု အားနည်းခြင်း တို့ကြောင့်ဖြစ်သည်ဟု ဆိုကြသည်။

ပင်လယ်လိပ်များအား ဖမ်းဆီးခြင်း၊ ဝယ်ယူရောင်းချခြင်းနှင့် လိပ်ဥများအား ဝယ်ယူရောင်းချခြင်းများ ပြုလုပ်ပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနသို့ သတင်းပေးတိုင်ကြားနိုင်ကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သက်ဆိုင်ရာ ငါးဦးစီးဌာနကို သတင်းပို့လိုက်ရင် ဒါကို ဆောင်ရွက်ပေးပါလိမ့်မယ်။ ဘယ်သူတွေ ဘယ်လိုရောင်းချနေကြလဲသိရင် ငါးဦးစီးဌာနကို သတင်းပို့လို့ရတယ်။ ငါးဦးစီးဌာနက ဥပဒေအတိုင်း ဆောင်ရွက်ပေးမယ်။ မာန်အောင်ဘက်မှာဆိုရင် မရောင်းကြတော့ဘူး။ ရောင်းရင် အရေးယူမယ်ဆိုပြီး ကြေညာထားလို့”ဟု သူကပြောသည်။

လိပ်ဥများကို စားသုံးမှုများနှင့် မဆင်မခြင် ငါးဖမ်းမှုများကြောင့် မြန်မာနိုင်ငံရှိ ပင်လယ်လိပ်များမှာ မျိုးတုန်းမည့်အရေးနှင့် ရင်ဆိုင်နေရပြီး လိပ်များကို ဖမ်းဆီးသတ်ဖြတ်နေမည်ဆိုပါက လာမည့် နှစ်ပေါင်း ၂၀ နှင့် နှစ်ပေါင်း ၅၀ ကြားတွင် လုံးဝ မျိုးရိုးပြုန်းတီးသွားနိုင်သည်ဟု လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့မှ DMG ကို ဖြေဆိုထားသည်။

ပင်လယ်လိပ်များ၏သဘာဝအရ လိပ်မတစ်ကောင်သည် တစ်ကြိမ်လျှင် ဥ ၁၀၀ ကျော် ဥလေ့ရှိပြီး တစ်နှစ်လျှင် နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်ခန့် ဥ ဥလေ့ရှိသော်လည်း လူများစားသောက်မှုကြောင့် အချို့မှာ ပျက်စီးနေကြကြောင်း သိရသည်။

ပုံစာ - အွန်လိုင်းပေါ်တွင် လိပ်ဥရောင်းချနေသော အရာင်းပို့စ်တစ်ခုကို ယနေ့တွေ့ရစဉ်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...