နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဆက်သွယ်ရေးဥပဒေပုဒ်မနှင့် ထပ်တိုးအမှုဖွင့်ခံရ

နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဆက်သွယ်ရေးဥပဒေပုဒ်မနှင့် ထပ်တိုးအမှုဖွင့်ခံရ
 ဓာတ်ပုံ - Khaing Mrat Kyaw Facebook
ဓာတ်ပုံ - Khaing Mrat Kyaw Facebook

ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် နိရဉ္စရာသတင်းဌာနမှ သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး အယ်ဒီတာချုပ်ဖြစ်သူကို စစ်ကောင်စီက ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“အပစ်ရပ်လိုက်ပြီဖြစ်သော်လည်း ရခိုင်ရှိကုန်းလမ်း၊ ရေလမ်း စစ်တပ်စစ်ဆေးရေးဂိတ်အချို့တွင် ငွေကြေးကောက်ခံမှုများရှိ၍ ခရီးသွားလာသူများ အခက်အခဲဖြစ်”ကြောင်း မတ်လ ၇ ရက်နေ့တွင် နိရဉ္စရာသတင်းဌာနမှ သတင်းဖော်ပြခဲ့သည်။

ယင်းသတင်းဖော်ပြခြင်းမှာ ပြည်သူလူထုအား စိုးရိမ်စိတ်များဖြစ်ပေါ်စေပြီး အမုန်းပွားစေနိုင်သည်ဟုဆိုကာ  သတင်းဌာနမှ အယ်ဒီတာချုပ်အား မတ်လ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)ဖြင့် အမှုဖွင့်လိုက်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းစာမျက်နှာတစ်ခုဖြစ်သော ရခိုင်နေ့စဉ်တွင် ဖော်ပြသည်။

ယခုကဲ့သို့ အမှုဖွင့်ခြင်းမှာ မီဒီယာများကို စစ်ကောင်စီက ဖိနှိပ်ရန် ကြိုးပမ်းသည့်လုပ်ရပ်သာဖြစ်ကြောင်း နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က တုန့်ပြန်သည်။

“အဲဒီစစ်ဆေးရေးဂိတ်တွေမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သူတွေ့ကပြောလို့ ကျနော်တို့က ရေးတာ။ ကျနော်တို့က အလဟာသ ကောက်ရေးတာမဟုတ်ဘူး။ ကျနော်တို့ကို တရားစွဲဖို့၊ ဖမ်းဖို့ဆိုတာထက် အဲဒါတွေက မှန်၊ မမှန် ဆိုတာကို သူတို့ စစ်ဆေးဖို့လိုတယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း သတင်းဖော်ပြမှုတစ်ခုကြောင့် နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးပုဒ်မ- ၅ဝ၅(က)တို့နှင့် စစ်ကောင်စီက အမှုဖွင့် တရားစွဲဆိုထားသည်။

နောက်ထပ် ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် Border News Agency(BNA) သတင်းဌာနကလည်း “ဂိတ်များ ထပ်မံတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေး တောင်းခံခြင်းများရှိကြောင်း” မဟုတ်မမှန် ချဲ့ကားရေးသားနေမှုကြောင့် ဒေသခံပြည်သူများမှာ ခရီးသွားရန် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

BNA သတင်းဌာန အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က “အဓိကတော့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ ပြည်သူလူထုအပေါ်မှာ မတော်မတရား လုပ်နေတာတွေ၊ ငွေကြေးကောက်ခံနေတာတွေ၊ အာဏာပါဝါ ပြနေတာတွေကို သူတို့က စီစစ်အရေးမယူဘဲ အမှန်ကို ရေးသားဖော်ပြနေတဲ့ သတင်းဌာနတွေကို စစ်အာဏာရှင်ဆန်ဆန် ခြိမ်းခြောက်တာလို့ပဲမြင်တယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများကို မီဒီယာများအနေဖြင့် သတင်းရေးသားဖော်ပြခြင်းအပေါ် တရားစွဲဆိုခြင်း၊ ဖမ်းဆီးခြင်းများမှာ မီဒီယာ၏ အခန်းကဏ္ဍကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းဌာန အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုကပြောသည်။

“ရခိုင်ပြည်နယ်တစ်ခုတည်းလို့ မဟုတ်ဘူး။ မြန်မာတစ်နိုင်လုံးမှာရှိတဲ့ မီဒီယာသမားတွေဟာ ခြိမ်းခြောက်ခံရမှုတွေတယ်။ အဲဒီကြားထဲက သတင်းမှန်ဖော်ထုတ်လို့ရဖို့အတွက် မီဒီယာတွေက ကြိုးစားနေကြတယ်။ ဒီကြားထဲမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးလုပ်နေတာရှိတယ်။ အဲဒါတွေကို မီဒီယာတွေက ဖော်ပြရေးသားတယ်။ အဲဒီလို ရေးသားဖော်ပြတာတွေကို တရားစွဲဆိုတယ်၊ ဖမ်းဆီးဖို့ လုပ်နေတာတွေက မီဒီယာတွေရဲ့အခန်းကဏ္ဍကို ခြိမ်းခြောက်တာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

Western News သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနှင့် သတင်းထောက်တစ်ဦးတို့မှာလည်း သတင်းရေးသားဖော်ပြမှုကြောင့် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသည်။

ရခိုင်မှ DEVELOPMENT MEDIA GROUP(DMG) သတင်းဌာနမှာလည်း အယ်ဒီတာချုပ်အပါအဝင် သတင်းထောက်နှင့် တာဝန်ရှိသူအချို့မှာလည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၂)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)တို့နှင့် တရားစွဲဆိုခံထားရသည်။

July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...