မွတ်ဆလင် လက်ခံရေးအတွက် စစ်ကောင်စီ ပြင်ဆင်ထားမှုကို တရုတ်ချီးကျူး

မွတ်ဆလင် လက်ခံရေးအတွက် စစ်ကောင်စီ ပြင်ဆင်ထားမှုကို တရုတ်ချီးကျူး
ဓာတ်ပုံ - Chinese Embassy in Myanmar
ဓာတ်ပုံ - Chinese Embassy in Myanmar

မြန်မာ့နိုင်ငံရေး အကဲခတ်တို့က မွတ်ဆလင်ပြန်လည်လက်ခံရေး မဖြစ်နိုင်သေးဟု မှတ်ချပြုနေသည့်အချိန်တွင် စစ်ကောင်စီက ပြင်ဆင်ထားသည့် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များ ပြန်လည်လက်ခံရေး အစီအစဉ်ကို ချီးကျူးကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်သည်။

မတ်လ ၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်တို့သည် မောင်တောမြောက်ပိုင်းရှိ ငါးခူရ၊ လှဖိုးခေါင် စခန်းသို့ သွားရောက်ကာ မွတ်ဆလင်များ ပြန်လည်လက်ခံရေး ပြင်ဆင်မှုလုပ်ငန်းများကို သွားရောက် လေ့လာ ကြည့်ရှုခဲ့ကြသည်။

ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး  “သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံက နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင် နေရာချထားရေးအတွက် ပြင်ဆင်ထားမှုများကို ချီးကျူးကြောင်းနှင့် တရုတ်နိုင်ငံသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း” Chinese Embassy in Myanmar တရုတ်နိုင်ငံ မြန်မာသံရုံးက ယမန်နေ့က ထုတ်ပြန်လိုက်လိုက်သည်။

ယင်းအပြင် တရုတ်နိုင်ငံသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်က ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးမှုမှတစ်ဆင့် ပထမအသုတ် နေရပ်စွန့်ခွာသူများ ဆောလျင်စွာ နေရာချထားရေးအတွက် ဆက်လက်ကူညီပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကို ပထမအသုတ်အဖြစ် ပြန်လည်လက်ခံရန် စီစဉ်ထားကြောင်း ဖော်ပြသည်။

တိုင်းပြည်လက်ရှိအခြေအနေကြောင့် မွတ်ဆလင်ပြန်လည်လက်ခံရေး မဖြစ်နိုင်သေးသည့်ကိစ္စကို ချီးကျူးဂုဏ်ပြုနေခြင်းမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်နေသည့် စီမံကိန်းများကို အဆင်ပြေစေရေးအတွက် ဟန်ပြပြောဆိုခြင်း ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်ကြသည်။

“တရုတ်ကတော့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ တစ်ကမ္ဘာလုံးကပစ်ပယ်ထားတဲ့ အစိုးရဖြစ်ဖြစ် သူ့အကျိုးအတွက် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်နေဆဲပါ။ အခုစစ်ကောင်စီက လတ်တလော လုပ်ကိုင်ဆောင်ရွက်နေတာတွေက (တရုတ်)ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိမယ်၊ သူတို့ရဲ့ မူဝါဒလမ်းစဉ်တွေကို ကိုက်ညီအကောင်အထည် ဖော်ပေးမယ်ဆိုရင် ဘယ်လိုအာဏာရှင်နဲ့ မဆိုပူးပေါင်းဆောင်ရွက်မယ့် သဘော”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်သည်။

ရခိုင်ဒေသတွင်လည်း တရုတ်သည် စီမံကိန်းများနှင့်အတူ ၎င်းတို့၏ဩဇာကို တည်ဆောက်ဖို့အတွက် စစ်ကောင်စီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ချက်ကို ထုတ်ပြောခြင်းဖြစ်ကြောင်းလည်း ရခိုင်ဒေသခံများက ဆိုသည်။

“တရုတ်ဟာ BRI (တရုတ်ရဲ့ စီးပွားရေးဆိုင်ရာ ခါးပတ်လမ်းစီမံကိန်း) ပရောဂျက်ပါတဲ့ နိုင်ငံတွေထဲမှာ အထူးဩဇာ တည်ဆောက်ဖို့အတွက် ပြင်ဆင်တာလို့ မြင်တယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်မှာ တရုပ်က ခပ်ခွာခွာနေခဲ့တယ်။ ဒါကြောင့် အိန္ဒိယက စစ်ကောင်စီကို အရေးပေးဆက်ဆံတာကို ပြခဲ့တယ်။ ဆိုတော့ တရုတ်အနေနဲ့ မြန်မာနိုင်ငံဟာ တရုတ်အတွက် အဖြစ်မနေ ဩဇာရှိဖို့ လိုအပ်နေတယ်။ အထူးအဖြင့် ရခိုင်ပြည်ဟာ တရုတ်လိုချင်တဲ့ စစ်ရေး နိုင်ငံရေး ထွက်ပေါက်လည်းဖြစ်နေတယ်”ဟု ရခိုင်ပြည်အတွင်းက တရုတ်စီမံကိန်းများကို လေ့လာသုံးသပ်နေသူ ကိုမင်းထီးက ပြောသည်။

တရုတ်သံအမတ်နှင့် အဖွဲ့သည် ကျောက်ဖြူမြို့ရှိ Power Construction Corporation of China (POWERCHINA) ၏ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့လည်း သွားရောက်ခဲ့ကြသည်။

လက်ရှိတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှတဆင့် မူဆယ်-ကျောက်ဖြူရထားလမ်းပိုင်းကို ပြန်လည်စတင်ရန် စစ်ကောင်စီနှင့် တရုတ်အာဏာပိုင်တို့က သဘောတူထားမှုများလည်း ရှိနေသည်။

“ဒါကြောင့် ၂၀၂၃ အစောပိုင်းမှာ တရုတ်ဟာ မြန်မာနိုင်ငံကို ချဉ်းကပ်ပုံတွေ ပြောင်းလဲလာပြီး စစ်ကောင်စီဘက်ကို ပိုပြီး အသားပေးဆက်ဆံလာတာကို တွေ့ရတယ်။ မောင်တောခရီးစဉ်မှာ တရုတ်သံအမတ်က ကျောက်ဖြူကိုလည်း ရောက်ခဲ့တယ်။ သူမလာခင်ကလည်း စစ်ကောင်စီခေါင်းဆောင်က ကျောက်ဖြူကိုရောက်ခဲ့တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် မွတ်ဆလင်အရေးအပါအဝင် ရခိုင်မှာ အခုက တရုတ်က ထဲထဲဝင်ဝင်အားပေးလာတယ်”ဟု ကိုမင်းထီးက ပြောသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရေးကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီဖက်က မွတ်ဆလင်များကို တစ်စုံတစ်ရာ သွားရောက်ဆွေးနွေးမှုများ မရှိသေးပေ။ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များမှာ လက်ရှိ စစ်ကောင်စီ ဆောက်လုပ်ပေးထားသည့် ပြန်လည်လက်ခံရေးစခန်းတွင် မနေလိုဘဲ မိမိကျေးရွာများတွင် နေထိုင်ခွင့်ရရန်နှင့် နိုင်ငံသားဖြစ်ခွင့်ပေးရန် တောင်းဆိုနေကြသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင်(၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...