အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ Silent Strike နေ့တွင် လမ်းမထွက်ပြီး ဓာတ်ပုံထွက်ရိုက်နေစဥ် ဖမ်းဆီးခံလိုက်ရသည့် အရပ်သားပြည်သူတစ်ဦး ယနေ့ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း‌ ဒေသခံများထံမှ သိရသည်။

အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက်နေ အသက် ၄၀ နှစ်အရွယ် ဦးလှအောင်ခေါ်သူ သည် ဇန်နဝါရီ ၁ ရက်နေ့ Silent Strike နေ့တွင် လမ်းမထွက်ပြီး ဓာတ်ပုံထွက်ရိုက်နေစဥ် စစ်ကောင်စီယာဥ်တန်းနှင့်တိုး၍ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

”သူက သတင်းထောက်တော့မဟုတ်ဘူးဗျ ဒီတိုင်း ရိုးရိုးသာမာန်ပြည်သူပဲ ဓာတ်ပုံထွက်ရိုက်တာ စစ်ကောင်စီ လှည့်ကင်းနဲ့ တိုးတော့အဲ့မှာ ဖမ်းခံလိုက်ရတာ ဒီနေ့ထိတော့ပြန်မလွတ်သေးဘူး။ မိသားစုဝင်တွေနဲ့တော့ တွေ့ခွင့်ပေးတယ်ပြောတယ်” ဟု အင်းတော်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

ဦးလှအောင်ကို လက်ရှိ အင်းတော်မြို့ စစ်တပ်ကုန်း (ဒေသအခေါ် ရိက္ခာကုန်း) တွင် ဖမ်းဆီးထားပြီး တရားစွဲရန် ပြင်ဆင်နေကြောင်း သိရသည်။

ထို့အပြင် Silent Strike နေ့တွင် ပိတ်ခဲ့ကြသည့်စျေးဆိုင်များကိုလည်း စစ်ကောင်စီစစ်သားများ လက်နက်ပြခြိမ်းခြောက်ကာ အတင်းဖွင့်ခိုင်းခဲ့ကြပြီး အချို့ဈေးဆိုင်များကိုလည်း အရေးယူရန်ပြင်ဆင်နေကြောင်း သိရသည်။

အင်းတော်တွင် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအား မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိပြီး ဇန်နဝါရီလ ၂၉ ရက်နေ့တွင်လည်း PDF သင်တန်းဆင်းဟုဆိုကာ အလှပြင်ဆိုင်ဖွင့်ထားသည့် အသက် ၂၅ နှစ်အရွယ်ရှိ မနွယ်နွယ်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်။

အင်းတော်မြို့တွင် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ယနေ့ထိ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၆၀ ကျော်အထိရှိလာပြီး အများစုမှာ အင်းတော်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...
July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...
July 16, 2026
ကချင်ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မည့်...