မောင်တောတွင် စစ်ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်ရက်အကြာ နှစ်ဘက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း အေအေအတည်ပြု

မောင်တောတွင် စစ်ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်ရက်အကြာ နှစ်ဘက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း အေအေအတည်ပြု

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယမန်နေ့က စစ်ကားမိုင်းဆွဲ တိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီ ၄၈  မိနစ်ခန့်တွင် မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာ အရှေ့ဘက်တွင် စစ်ကောင်စီတပ်နှင့် အေအေတို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။

"ဒီနေ့ မနက် ၈ နာရီ ၄၈ မိနစ်မှာ မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်ပြင်ရွာရဲ့အရှေ့ဘက် မီတာ ၂၂၀၀ လောက်အကွာမှာ စစ်ကောင်စီတပ်တွေက ကျနော်တို့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့တွေရှိတဲ့နေရာကို ဝင်ရောက်လာတဲ့အတွက် မိနစ်ပိုင်းလောက်ကြာ ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တာရှိတယ်။ ထိခိုက်ကျဆုံးမှု ရှိမရှိကတော့ လောလောဆယ် မသိရသေးပါဘူး"ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့်နေရာဘက်သို့ ကြိမ်ချောင်းအခြေစိုက် နခခ(၇) ၊ မြို့သူကြီးတပ်ရင်း၊ ပြင်ဖြူတပ်ရင်း နှင့် ဘူးသီးတောင်တပ်ရင်းများကလည်း လက်နက်ကြီးများ ဝိုင်းကူပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

"၈ နာရီ ၄၀ လောက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပြင်းပြင်းထန်ထန်ကို ပစ်နေတာ။ ကြိမ်ချောင်း နခခ(၇) ကနေ ရန်အောင်ပြင်ဘက်၊  ဂုပ္ပီဘက်ကိုပစ်နေတာပါ"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲမှာ မောင်တောမြို့နယ် ကျွဲတက်ပြင် ကျေးရွာအနီးတွင် စစ်ကောင်စီ၏ စစ်ကားတစ်စီးကို ရက္ခိုင့်တပ်တော် (AA )က မိုင်းဆွဲ တိုက်ခိုက်ခဲ့၍ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများရှိကြောင်း ဦးခိုင်သုခက ပြောကြားသည်။

"မနေ့က မနက် ၉ နာရီခွဲမှာ မောင်တောမြောက်ပိုင်းကျွဲတက်ပြင်ဆိုတဲ့နေရာမှာ မြန်မာစစ်တပ်ကားကို  ကျနော်တို့ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာရှိတယ်။ မြန်မာစစ်တပ်ဘက်က ကားတစ်စီး ထိခိုက်သွားတာရှိတယ်။ ထိခိုက်ကျဆုံးမှုရှိနိုင်တယ်။ အသေအပျောက်၊ ထိခိုက်ကျဆုံးမှု အရေအတွက်ကတော့ မသိရသေးဘူး။ နောက်ပြီး မနေ့က ပလက်ဝမြို့နယ်၊ မြိတ်ဝနားမှာ ဖြစ်တဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ၂ ယောက်ကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်းရှိတယ်လို့ သိရတယ်" ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သူက နိရဉ္စရာကို ထပ်လောင်း အတည်ပြု ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်မှ ၃၁ ရက်နေ့အထိ ၆ ရက်အတွင်း ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော် (AA )တို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် စစ်ကောင်စီဖက်က ၂၄ ဦးသေဆုံးခဲ့ပြီး ၂၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က နိုဝင်ဘာ ၁  ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...