ပလက်၀တွင် အသက် ၇၀ နီးပါးရှိနေပြီဖြစ်သည့် သက်ကြီးပိုင်းတစ်ဦးကို နိုင်ငံတော်ဆူပူဆိုင်ရာ ပုဒ်မ ၅၀၅(က) ထောင်ဒဏ် ၃ နှစ်ချ

ပလက်၀တွင် အသက် ၇၀ နီးပါးရှိနေပြီဖြစ်သည့် သက်ကြီးပိုင်းတစ်ဦးကို နိုင်ငံတော်ဆူပူဆိုင်ရာ ပုဒ်မ ၅၀၅(က) ထောင်ဒဏ် ၃ နှစ်ချ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ အသက် ၇၀ နီးပါးရှိနေသည့် ကျန်းမာရေးချို့ယွင်းနေသည့် သက်ကြီးပိုင်းတစ်ဦးကို မြို့နယ်စစ်ကောင်စီတရားရုံးက နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူမှာ အဘောင်သားကျေးရွာဒေသခံတစ်ဦးဖြစ်သူ ဦးချစ်စံ (၆၈) နှစ်ဖြစ်ပြီး အောက်တိုဘာလ ၂၆ ရက်တွင် ထောင်ချလိုက်ခြင်းဖြစ်သည်။

ဦးချစ်စံသည် ဖမ်းဆီးခံခဲ့ရစဉ်က စစ်ကောင်စီ စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသဖြင့် ဒဏ်များလည်း ရရှိခဲ့ပြီး ရောဂါအခံလည်းရှိခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာများလည်း ချို့ယွင်းနေပြီး ကျန်းမာရေးဆိုးဝါးနေကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။

"စိတ်ကလည်း သိပ်မခိုင်တော့ဘူး။ ကျန်းမာရေးလည်းမကောင်းဘူး။ ရောဂါတွေကလည်း နှစ်မျိုးသုံးမျိုးပါ။ အူကျရောဂါလည်းရှိတော့ ထမင်းကို ဗိုက်တင်းအောင်လည်း စားလို့မရဘူး။ ဒီလိုဆိုတော့ ဘယ်လိုကိုယ်ခံအားရှိမလဲနော်။ ဆေးတွေကမပြတ်အောင် လိုက်ထည့်ပေးနေရပါတယ်။ ကြောက်စိတ်နဲ့ စိတ်ကဖောက်သွားသလိုမျိုးဖြစ်သွားတယ်။ သူထောင်ကျပြီးရင် လွတ်လာရင်ပြန်ဖမ်းခံရမယ်ဆိုပြီး သူကပြောနေတယ်။ သူက နားမကြားလို့ တရားသူကြီးက သူ့ကိုထောင်ချတာကိုတောင် အပြင်ကိုရောက်လို့ မိသားစုတွေကပြောမှ သိတယ်" ဟုပြောသည်။

ထို့အတူ သက်ကြီးပိုင်းတစ်ဦးဖြစ်သည့်အပြင် ကျန်းမာရေးလည်း မကောင်းမွန်သည့် လူတစ်ဦးအနေဖြင့် နိုင်ငံတော်ဆူပူလှုံ့ဆော်စေရန် အရည်အချင်းလည်းမရှိကြောင်းနှင့် ပြန်လွှတ်ပေးသင့်ကြောင်းလည်း မိသားစုဝင်များက ပြောသည်။

၄င်းဦးချစ်စံအပါအဝင် အဘောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားဦးအိုင်လှတို့ ၃ ဦးကို ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် စစ်ကောင်စီတပ်များက အဘောင်သားကျေးရွာမှ ခလရ ၂၈၉ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် ဦးချစ်စံအား ပလက်ဝမြို့မရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ပြီး လမ်းခရီး အခြေအနေကြောင့် စစ်တွေမြို့ရှိ အကျဉ်းထောင်သို့ မပို့ဆောင်ရသေးကြောင်း သိရသည်။

ဦးချစ်စံသည် အဘောင်သားရွာတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကာ ဒူးမကောင်းသဖြင့် လမ်းလျှောက်ရာတွင် တုတ်ကိုအားပြု၍ သွားနေရသူဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...