ဘူးသီးတောင်မြို့မှ စစ်ဘေးရှောင် နေအိမ် ၅၆ လုံး ဖယ်ရှားခံရပြီးနောက် လူပေါင်း ၂၀၀ ခန့် နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေ

ဘူးသီးတောင်မြို့မှ စစ်ဘေးရှောင် နေအိမ် ၅၆ လုံး ဖယ်ရှားခံရပြီးနောက် လူပေါင်း ၂၀၀ ခန့် နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေ

ဘူးသီးတောင်မြို့မှ စစ်ဘေးရှောင်နေအိမ် ၅၆ လုံး ဖယ်ရှားရပြီးနောက် လူပေါင်း ၂၀၀ ခန့်မှာ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းအရှေ့တွင် ခိုလှုံနေထိုင်နေကြရသည့် စစ်ဘေးရှောင်များကို အောက်တိုဘာလ နောက်ဆုံးထားဖယ်ရှားပေးရန်နှင့် လက်ရှိနေထိုင်သည့်နေရာမှာ တပ်ပိုင်မြေဖြစ်၍ မဖယ်ရှားပေးပါက ကျူးကျော်အဖြစ်  သတ်မှတ် အရေးယူမည်ဟု တာဝန်ခံများကို သတိပေးခြိမ်းခြောက်ထား၍ ယမန်နေ့ အောက်တိုဘာ ၃၁ ရက်က နေအိမ်များကို ဖယ်ရှားပေးခဲ့ကြရကြောင်း ရန်အောင်မြေ စစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောသည်။

"သူတို့က ဘုန်းကြီးကျောင်းမှာ မဆံ့လို့ အဲ့ဒီမှာ ဆောက်လုပ်နေကြတာ ၃ နှစ် ကျော်ပါပြီ။ အောက်တိုဘာမှာ နေရပ်ပြန်ရမယ်၊ နေရာဖယ်ပေးရမယ်၊ မဖယ်ပေးရင် ကျူးကျော်အဖြစ် သတ်မှတ်မယ်ဆိုပြီးပြောထားလို့ ကြောက်ပြီး အခုလို အိမ်တွေဖြိုပြီး နေရာဖယ်ပေးကြတာပါ" ဟု ပြောသည်။

အောက်တိုဘာ လလယ်ခန့်က နေရပ်ပြန်ရန် စကစတပ်နှင့် ထွေ/အုပ်က ခေါ်ယူသတိပေးမှုများရှိခဲ့ပြီး လက်ရှိမှာ စစ်ရှောင်များက ကြောက်လန့်ကာ နေအိမ်များကိုဖြိုဖျက်ပြီး ရန်အောင်မြေ စစ်ရှောင်စခန်းတွင် ဖြစ်သလိုနေထိုင်နေရသည့်အတွက် နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေပြီး အကူအညီလိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

"အခုတော့ ရွာကိုပြန်တဲ့သူတွေရဲ့ အိမ်အလွတ်တွေမှာ အရေးပေါ် ဝင်နေကြပါတယ်။ ဒါပေမယ့် အဆင်မပြေကြပါဘူး။ စာသင်ကျောင်းမှာလည်း နေရာလေးတွေချပြီး နေနေကြပါတယ်"ဟု ပြောသည်။

လက်ရှိ နေအိမ်ဖြိုဖျက်ကာ နေရာဖယ်ရှားပေးထားရသည့် စစ်ဘေးရှောင် နေအိမ် (၅၆)လုံးရှိပြီး လူဦးရေ (၂၀၀) ခန့်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ဘူးသီးတောင်မြို့နယ်မှ ပြီးခဲ့သည့် ၂၀၁၈/၂၀၁၉ ခုနှစ်ကတည်းက စစ်ဘေးဒဏ်ကြောင့် ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဘေးရှောင်ရန် ထွက်ပြေးလာရသူများဖြစ်ပြီး ရန်အောင်မြေ ဘုန်းတော်ကြီး ကျောင်းတွင် နေရာမဆံ့၍ ကျောင်းအရှေ့နေရာလွတ်တွင် နေအိမ်များဆောက်လုပ် ခိုလှုံခဲ့ကြရသူများဖြစ်ကြောင်း သိရသည်။

လက်ရှိ ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏရှိနေပြီး နေ့စဉ်လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူထိခိုက် သေဆုံးမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ နေရပ်ကို အတင်းအကျပ်ပြန်ခိုင်းနေ၍ များစွာ အခက်အခဲဖြစ်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

"ကျနော်တို့က ကိုယ့်နေရပ်လည်း မပြန်ရဲပါဘူး။ တိုက်ပွဲတွေလည်း နေ့စဉ်ဖြစ်နေတယ်။ လက်နက်ကြီးတွေလည်း ဆက်တိုက်ပစ်တာတွေရှိတယ်။ သေကြတာတွေတောင်ရှိနေတာ အားလုံးအသိပါ။ ကျနော်တို့လည်း ပြန်ရမှာ ကြောက်ပါတယ်။ အခု ဘူးသီးတောင်မှာလည်း မနေရဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး"ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်မှစစ်ဘေးရှောင်များသည် အစိုးရ၏ ရိက္ခာထောက်ပံ့မှု ပုံမှန်မရရှိခြင်း၊ လူသားချင်း စာနာထောက်ထားမှုအကူညီပေးနေသည့် NGO/INGO များကို သွားရောက်လှူဒါန်းခွင့် ပိတ်ပင်မှုများကြောင့် နေထိုင်စားသောက်ရေး အခက်အခဲများကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

စစ်ကာင်စီအနေနှင့် စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသည့်စစ်ဘေးရှောင်များအား ထောက်ပံ့ကူညီမှုမပေးသည့်အပြင် စစ်ပွဲကာလအတွင်း နေရပ်သို့အတင်းအကျပ်ပြန်ခိုင်းကာ ယခုကဲ့သို့ ခြိမ်းခြောက်မှုများသည် လူမဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း ရခိုင်က လှုမှုရေးလှုပ်ရှားသူများက ပြောသည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...