တစ်ပတ်အတွင်း သံတွဲ၊တောင်ကုတ်နှင့်အမ်းမြို့နယ်များမှ ဒေသခံ ၁၅ ဦးခန့်ကို ULA/AA နှင့်ဆက်စပ်သည်ဟုစွပ်စွဲပြီး ပုဒ်မ၁၇(၁)ဖြင့်အမှုဖွင့်

တစ်ပတ်အတွင်း သံတွဲ၊တောင်ကုတ်နှင့်အမ်းမြို့နယ်များမှ ဒေသခံ ၁၅ ဦးခန့်ကို ULA/AA နှင့်ဆက်စပ်သည်ဟုစွပ်စွဲပြီး ပုဒ်မ၁၇(၁)ဖြင့်အမှုဖွင့်

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)အား ထောက်ခံ အားပေးမှု ရခိုင်တောင်ဘက်ပိုင်း မြို့နယ်များအထိ ကျယ်ပြန့်လာမှုအပေါ်  နှိမ်နှင်းတားဆီးရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီသည် ဒေသခံ အများအပြားကို ဖမ်းဆီးတရားစွဲဆိုနေရာ အောက်တိုဘာ နောက်ဆုံး အပတ်အတွင်း ဒေသခံ ၁၅ ဦးခန့်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်ဟု သတင်းရရှိသည်။

တောင်ကုတ်ဒေသခံ တစ်ဦးက “  ဒီတောင်ကုတ်၊သံတွဲမြို့နယ်တွေဘက်မှာ အဖမ်းအဆီး တော်တော်များနေတယ်။ နေ့တိုင်းလိုလို မထင်ရင် မထင်သလို ဖမ်းဆီးနေတဲ့ အတွက် လူတိုင်း ကျီးလန့်စာစားဖြစ်နေကြရတယ်။  အေအေကို သတင်းပို့တယ်။ ငွေကြေးထောက်ပံ့တယ်ဆိုပြီး ဖမ်းနေတာ” ဟု ပြောသည်။

အေအေကို စစ်တပ်လှုပ်ရှားမှု သတင်းများကိုပေးပို့ခြင်း၊ စစ်ကောင်စီ၏ ဌာနဆိုင်ရာ သတင်းအချက်အလက်များကို ပေးပို့ခြင်း၊ အေအေအား ငွေကြေးကောက်ခံထောက်ပံ့ခြင်း စသည့် စွဲချက်များဖြင့် အမှုဖွင့်ခံရသူ လတ်တလောရက်ပိုင်းအတွင်း ၁၅ ဦးအထိ ရှိလာပြီး ၎င်းတို့မှာ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့က ဖြစ်ကြသည်ဟု သိရသည်။

လက်တလော အမှုဖွင့်ခံရသည့်အထဲတွင် တောင်ကုတ်မြို့နယ်မှ ၄ ဦးရှိပြီး ၎င်းတို့မှာ မှိုဟင်းတောရွာမှ  ဦးကျော်သောင်း (ဘ) ဦးကျော်ထွန်းအောင် (၄၂)နှစ်၊ သရက်ပင်ချောင်းရွာမှ ကိုကိုနိုင်(ဘ) ဦးသိန်းချေ(၂၉)နှစ်၊  မှန်နီကျေးရွာမှ စိုးမင်းထွန်း(ဘ) ဦးကျော်လွင် (၃၂)နှစ်၊ ညောင်ဖောက် ကျေးရွာမှ  အေးကျော်ကျော်(ဘ) ဦးကျော်ဇေယျ (၃၉) နှစ်တို့ ဖြစ်ကြသည်။

အမ်းမြို့နယ် တလိုင်းတောင်ကျေးရွာမှ ချင်းအမျိုးသား ခရစ်ယာန်ဆရာ ဦးအောင်ဆန်း (ဘ) ဦးစံတင် (၄၅) နှစ်ကိုလည်း အမှုဖွင့်ထားသည်ဟု သိရသည်။

၎င်းတို့ (၅) ဦးသည် စစ်ကောင်စီတပ်ဖွဲ့ လှုပ်ရှားမှုသတင်းအပါအဝင် အစိုးရဝန်ထမ်း လှုပ်ရှားမှုသတင်း များကို ရက္ခိုင့်တပ်တော်ကို သတင်းပေးပို့သည်ဟု စွပ်စွဲကာ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နှင့် အမှုဖွင့်အရေးယူထားသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း အလားတူ စွပ်စွဲချက်ဖြင့် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ညီပုချေ၊ နေမျိုးအောင်နှင့် အင်ဒိုင်းကြီးရွာမှ ဦးကျော်ကျော်နိုင်ခေါ် ကြက်ဆပ်၊ ကွေ့ ချောင်း အုပ်စု လယ်တီကျေးရွာမှ ဦးမောင်မှတ်တို့ကို ၁၇(၁)ဖြင့် အမှုဖွင့်ခဲ့သည်။

၎င်းအပြင် တောင်ကုတ်မြို့နယ် မှန်နီကျေးရွာမှ ဒေါ်ခင်လှ၊ သင်ပန်းရွှေ ကျေးရွာမှ ဦးကျော်ကျော်နိုင် တို့ကိုလည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေးတစ်ဦးဖြစ်သူ ဝင်းမောင်မောင် ဖြိုးခေါ် ကိုဖြိုးဆိုသူကိုလည်း သံတွဲမြို့နယ် အိမ်ထောင်စု စာရင်း၊ လုပ်ငန်းများစာရင်းနှင့် အုပ်ချုပ်ရေးမှူးစာရင်း များကို ရက္ခိုင့်တပ်တော်ထံ ပေးပို့ခဲ့ပြီး ဌာနဆိုင်ရာ အစည်းအဝေး များတွင်လည်း အသံဖမ်းကာ AA ကို ပေးပို့ခဲ့ သည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၇(၁)နှင့်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှု ဖွင့်ထားသည်။

ထို့အတူ သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကျေးစာရေး တစ်ဦးဖြစ်သူ သံတွဲမြို့နယ် ဆိတ် ကြီးကျေးရွာမှ လှိုင်ဝင်းထွဋ်ခေါ် ဝင်းထွဋ်ကိုလည်း ကျောက်ဖြူနှင့်သံတွဲမြို့နယ်ရှိ ULA/AA အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ် လှုပ်ရှားမှု သတင်းများကို ပေးပို့သည်ဟုဆိုက မတရား အသင်း အက်ဥပဒေပုဒ်မ ၁၇(၁)နှင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

၎င်းတို့အား အမှုဖွင့်ထားကြောင်းကို ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ရခိုင်နေ့ စဉ်တွင်လည်း ဖော်ပြထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...