မုန်တိုင်းကြောင့် ပင်လယ်ထဲမျောပါသွားသည့် စစ်တွေမှ မူဆလင်ငါးဖမ်းသမား ၂ ဦးကို ရခိုင်ကျေးရွာသားများကယ်တင်

မုန်တိုင်းကြောင့် ပင်လယ်ထဲမျောပါသွားသည့် စစ်တွေမှ မူဆလင်ငါးဖမ်းသမား ၂ ဦးကို ရခိုင်ကျေးရွာသားများကယ်တင်
ဒုံးပိုက်ရွာသားများ ကယ်ဆယ်ခဲ့ရသည့် ဦးမာမောက်ယာဆိမ်း(ခေါ်) ဘုတ်စတီအား တွေ့ရစဥ်။
ဒုံးပိုက်ရွာသားများ ကယ်ဆယ်ခဲ့ရသည့် ဦးမာမောက်ယာဆိမ်း(ခေါ်) ဘုတ်စတီအား တွေ့ရစဥ်။

ပြီးခဲ့သည့်ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်တိုက်ခတ်ခဲ့သည့် စီထရန်မုန်တိုင်းကြောင့် ငါးဖမ်းလှေနစ်မြုပ်၍ ပင်လယ်ထဲမျောပါသွားသည့် စစ်တွေမြို့နယ်မှ ငါးဖမ်းသမား မူဆလင်အမျိုးသား ၂ ဦးကို ရခိုင်ကျေးရွာသားများက ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

ပင်လယ်ထဲမျောပါသွားသည့် ငါးဖမ်းသမား မူဆလင် ၂ ဦးမှာ စစ်တွေမြို့နယ် အုန်းတောချေကယ်ဆယ်ရေးခန်းမှ ဦးမာမောက်ယာဆိမ်း(ခေါ်) ဘုတ်စတီ (၄၄ နှစ်)နှင့် ဘောဒူဗကယ်ဆယ်ရေးခန်းမှ ဇာလာမတ် (၂၇ နှစ်)တို့ဖြစ်သည်။

သူတို့နှစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက် နံနက်အစောပိုင်းတွင် စစ်တွေမြို့နယ် ပလ္လင်ပြင်ရွာ၏ အနောက်ဖက် ပင်လယ်ပြင်၌ ငါးဖမ်းပိုက်ဖော်ရန် လှေ ၁ စီးဖြင့် သွားရောက်ခဲ့စဥ် မုန်တိုင်းမိ၍ လှေပျက်ကာ ပင်လယ်ထဲ မျောပါသွားခဲ့ခြင်းဖြစ်သည်ဟု သူတို့နှင့်နီးစပ်သူများက ပြောသည်။

သူတို့နှစ်ဦးအနက် ဦးမာမောက်ယာဆိမ်း(ခေါ်)ဘုတ်စတီသည် ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာအနီးပင်လယ်ပြင်တွင် မျောပါနေသည်ကို ယင်းနေ့ညနေက ကျေးရွာသားများက မြင်၍ ကယ်ဆယ်ပေးနိုင်ခဲ့သည်ဟု သိရသည်။

အလားတူ ပင်လယ်ထဲမျောပါသွားခဲ့သည့် ဇာလာမတ်ကိုလည်း မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီးပင်လယ်ပြင်တွင် မျောလာသည်ကို အင်ဒင်ရွာသားများကမြင်၍ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

သူတိူ့ ၂ ဦးအနက် ဦးမာမောက်ယာဆိမ်း(ခေါ်)ဘုတ်စတီကို ဒုံးပိုက်ရွာသားများက ယမန်နေ့ အောက်တိုဘာ ၂၅ ရက်၊ နံနက်တွင် နေရပ်သို့ ကောင်းမွန်စွာပြန်ပို့လိုက်ပြီဟုလည်း သိရသည်။

အုန်းတောချေကယ်ဆယ်ရေးခန်းတာဝန်ခံ ဦးဆာမိယာကလည်း "ဘုတ်စတီတော့ စခန်းကို ပြန်ရောက်နေပါပြီ။ ကျန်တဲ့တစ်ယောက်ကတော့ မရောက်သေးဘူး"ဟု နိရဥ္စရာကိုပြောသည်။

လက်ရှိတွင် အင်းဒင်ရွာသားများကယ်ဆယ်ထားသည့် ဇာလာမတ်ကိုလည်း နေရပ်သို့ ကောင်းမွန်ပြန်ပို့နိုင်ရေး ရွာသားများစီစဥ်နေကြည်သည်ဟု သိရသည်။

ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် စီထရန်မုန်တိုင်း၏အရှိန်ကြောင့် စစ်တွေအပါအဝင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်များတွင် လေပြင်းများတိုက်ခတ်ပြီး နေအိမ်အဆောင်အအုံများနှင့် သစ်ပင်များ ပြိုလဲပျက်စီးကာ ဆားငန်ရေဝင်ရောက်ခဲ့မှုတို့ကြောင့် အဆိုပါမြို့နယ်များရှိ စပါးဧက အများအပြားလည်း ပျက်စီးမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ဒေသခံများက ပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...