စစ်ခေါင်းဆောင် ခရီးစဉ်ကြောင့် မော်လမြိုင်မှာ လုံခြုံရေး အထူးတင်းကျပ်၊ ဝေဟင်မှာပါ လုံခြုံရေး အသင့်ပြင်ခိုင်းထား

စစ်ခေါင်းဆောင် ခရီးစဉ်ကြောင့် မော်လမြိုင်မှာ လုံခြုံရေး အထူးတင်းကျပ်၊ ဝေဟင်မှာပါ လုံခြုံရေး အသင့်ပြင်ခိုင်းထား

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရီးစဉ်ကြောင့် မော်လမြိုင်မှာ လုံခြုံရေး အထူးတင်းကျပ်ထားသလို လေကြောင်းနဲ့ ရေကြောင်းကိုပါ လုံခြုံရေး အဆင့်သင့် ပြင်ခိုင်းထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၁၆)ရက်နေ့က မော်လမြိုင်မြို့ သို့ ရောက်ရှိလာပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တပ်မိသားစုဝင်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့တာပါ။

စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်အတွင်း မော်လမြိုင်ရဲ့ မြို့ပေါ် နေရာအများစုမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ရာနဲ့ချီ အသုံးပြုထားသလို တိုက်ပွဲတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ရေးမြို့နယ်တို့မှာလည်း လုံခြုံရေး အဆင့်သင့်ပြင်ခိုင်းထားပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ သူရဲ့ ခရီးစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၄ နာရီ အချိန်ပြည့် လုံခြုံရေး ယူဖို့နဲ့ လေတပ်ဌာနချုပ်နဲ့ ရေတပ်ဌာနချုပ်တွေမှာ လုံခြုံရေး အဆင့်သင့် ပြင်ခိုင်းထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေအဆိုအရ စစ်ခေါင်းဆောင်ရဲ့ မော်လမြိုင်ခရီးစဉ်ဟာ ကရင်ပြည်နယ်နဲ့ နီးစပ်နေတဲ့အတွက် အခုလို အထူးလုံခြုံရေး တင်းကျပ်ဖို့ ညွှန်ကြားထားတာလို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တပ်မိသားစုဝင်တွေနဲ့ သွားရောက်စဉ် တပ်တွင်း စည်းလုံးမှု ရှိဖို့နဲ့ တပ်တွင်းသတင်း မပေါက်ကြားဖို့၊ ပေါက်ကြားရင် အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် ခရီးစဉ်ကြောင့် မော်လမြိုင်မြို့အဝင်အထွက် နေရာတွေအပြင် မြို့အတွင်းမှာလည်း ကားနဲ့ဆိုင်ကယ်တွေ ပိတ်ဆို့ စစ်ဆေးတာအပြင် လုံခြုံရေးအထူး တင်းကျပ်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...