ဘီးလင်းမှာ နေအိမ်ချိပ်ပိတ်ထားတဲ့ ဒေသခံ အိမ်ထဲက အတွင်းပစ္စည်း တစ်ခုမကျန် စစ်ကောင်စီ သိမ်းယူသွား

ဘီးလင်းမှာ နေအိမ်ချိပ်ပိတ်ထားတဲ့ ဒေသခံ အိမ်ထဲက အတွင်းပစ္စည်း တစ်ခုမကျန် စစ်ကောင်စီ သိမ်းယူသွား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာမှာ ချိပ်ပိတ်ခံထားရတဲ့ ဒေသခံ နော်အေးသီတာမြင့် နေအိမ်ထဲက အတွင်းပစ္စည်း တစ်ခုမကျန် စစ်ကောင်စီဘက်က လာရောက် သိမ်းယူသွားတယ်လို့ ကာယကံရှင်နဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တိမ်းရှောင်နေတဲ့ နော်အေးသီတာမြင့်ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ အလူးလေးကျေးရွာရှိ သူရဲ့ နေအိမ်ကို လာရောက်ချိပ်ပိတ်သွားတာပါ။

အဲဒီနောက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ကား ၄ စီးနဲ့ ရောက်ရှိလာပြီး နေအိမ်အတွင်းက ဖိနပ်စုတ်ပါမကျန် အတွင်းပစ္စည်းအားလုံးကို လာရောက် သိမ်းယူသွားတာ ဖြစ်ပါတယ်။

နော်အေးသီတာမြင့်ကတော့ ပြည်သူပိုင် နေအိမ်ထဲက အတွင်းပစ္စည်း မှန်သမျှကို ခွင့်ပြုချက်မရှိဘဲ လာရောက် ယူဆောင်မှုဟာ ခိုးမှု မြောက်သလို အခုလို လုပ်ရပ်ဟာ အကြမ်းဖက်မှုဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နော်အေးသီတာမြင့် နေအိမ်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဝင်ရောက် မွှေနောက်ရှာဖွေခဲ့ပြီး စက်တင်ဘာလမှာ လာရောက် ချိပ်ပိတ်ကာ အောက်တိုဘာလမှာတော့ ရှိသမျှပစ္စည်းတွေကို လာရောက် ယူဆောင်သွားတာ ဖြစ်ပါတယ်။

နော်အေးသီတာမြင့်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပြီး လက်ရှိမှာတော့ တိမ်းရှောင်နေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီ ထောက်ခံသူတွေနဲ့ ဒေသခံ နေအိမ် ၉၀ ထက်မနည်း ချိပ်ပိတ်ခံထားရပြီး အခုလို နေအိမ်ထဲက အတွင်းပစ္စည်းတွေ လာရောက် သိမ်းယူတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...